ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဩဂုတ်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

       ပခုက္ကူနှင့် ဂန့်ဂေါခရိုင်အနေဖြင့် ဩဂုတ်လအတွင်း၌ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးဖြစ်သော ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေးများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်(၃)ဆိုင်နှင့် ဆိပ်ဖြူမြို့နယ်မှ စားသုံးဆီအရောင်းဆိုင် (၅)ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ FDA မှ တားမြစ်ဓာတုပစ္စည်းများပါဝင်မှုမရှိသော်လည်း ကုန်ပစ္စည်းမှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်း(၅) မျိုးအား ရောင်းချခြင်းရှိ/မရှိ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်ခြင်း (၁)ကြိမ်၊ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် မုန့်ဆိုင်(၅)ဆိုင်အား ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၇)ကြိမ်အား  မိတ်ဖက်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)