မုဒုံမြို့နယ်တွင် ကျွဲကောပင်များစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများနှင့် မြို့အနီးဝန်းကျင်တစ်ဝိုက်တွင် မြေအောက်ရေကိုအသုံးပြု၍ ကျွဲကောပင်များစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

     မုဒုံမြို့နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကာလရှည်ဥယျာဉ်ခြံသီးနှံတစ်မျိုးဖြစ်သည့် ကျွဲကောပင်များကို အစေ့မှလည်းကောင်း၊ ကိုင်းဆက်ကိုင်းကူးနည်းဖြင့်လည်းကောင်း အဖြူ၊ အနီမျိုး နှစ်မျိုးကို အများအပြား စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ခြောက်နှစ်အကြာတွင် အသီးစတင်ရရှိကြောင်း၊ ကျွဲကောပင်များကို တစ်ပင်နှင့်တစ်ပင် (၂၀ ×၂၅ ) ပေ အကျယ် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၈၀) ကျော် စိုက်ပျိုးနိုင်ပြီး အထွက်နှုန်း အလုံးရေ (၅၀၀၀) ခန့် ထွက်ရှိရာ တစ်နှစ်ဝင်ငွေ သိန်း(၈၀)ခန့် ရရှိကြောင်း၊ အသီးအရွယ်အစားအလိုက် တစ်လုံးလျှင် ၁၅၀၀ မှ ၆၀၀၀ ကျပ်အထိ မြို့ပေါ်စျေးများအပြင် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချရကြောင်း ဘဲရမ်းကျေးရွာနေ ကျွဲကောပင်စိုက် တောင်သူတစ်ဦး၏ပြောဆိုချက်အရ သိရှိရပါသည်။

     မုဒုံမြို့နယ်တွင် ကျွဲကောပင် စိုက်ဧက (၄၄၁)ဧကရှိရာ အကျိုးအမြတ်များသည့် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)