ရွှေတောင်မြို့နယ်ရှိ ဒန့်ဒလွန် (အိန္ဒိယမျိုး) စိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကသစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ သွားရောက်၍ ဒန့်ဒလွန်(အိန္ဒိယမျိုး) စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်အဖွဲ့သည် (၂၂.၃.၂၀၂၂) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ကသစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့သွားရောက်၍ ဒန့်ဒလွန် (အိန္ဒိယမျိုး) စိုက်ပျိုးသူ ဦးဟန်ဝင်း နှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှု ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို ကွင်းဆင်းလေ့လာရာတွင် ဒန့်ဒလွန် စိုက်ပျိုးဧက (၆)ဧကတွင် အပင်ပေါင်း ၂၄၀၀ စိုက်ပျိုးထားကြောင်းသိရပါသည်။ ဒန့်ဒလွန် အပင်ပေါင်း ၂၄၀၀ စိုက်ပျိုးရာ ကုန်ကျစရိတ်အနေဖြင့် ၁၁သိန်းကျပ်ခန့် ကုန်ကျပါသည်။ ဒန့်ဒလွန်ပင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင်ခူးဆွတ်ရပါသည်။ ဒန့်ဒလွန် (အိန္ဒိယမျိုး)မှာ တစ်နှစ်လျှင် နှစ်ကြိမ်သီးသောမျိုးဖြစ်ပါသည်။ အပင်သက်တမ်းအနေဖြင့် ပိုးမထိုး၊ အပင်မသေမချင်းခူးဆွတ်ရပါသည်။ ခူးဆွတ်ရရှိသော ဒန့်ဒလွန်သီးများကို ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေး သို့ တင်ပို့ရောင်းချပါသည်။ ဈေးနှုန်းအနေဖြင့် ပေါ်ခါစတွင် တစ်တောင့်လျှင် ၂၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး အသီးများလှိုင်ချိန်တွင် တစ်တောင့်လျှင် ၆၀ကျပ်ခန့် ရရှိသည်ဟုသိရပါသည်။ ဒန့်ဒလွန်စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ပထမအကြိမ်တွင် (၃)သိန်း ကျော်ရရှိပြီး ဒန့်ဒလွန်မျိုးရောင်းရငွေမှာ အနည်းဆုံး (၇)သိန်းကျော်ခန့်ရရှိပြီး စုစုပေါင်း အမြတ်မှာ (၁၀)သိန်းကျော်ခန့်ရရှိသည်ဟုသိရပါသည်။ နောက်ပိုင်းတွင် အပင်မသေမချင်း ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။

          ဒန့်ဒလွန်စိုက်ပျိုးသူများအနေဖြင့် ဒန့်ဒလွန်စိုက်ပျိုးထားသော မြေလွတ်များတွင်ကြားကာ လဝင်ငွေရရှိစေရန်အတွက် မြေပဲ၊ ပဲတီစိမ်းနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်မည်ဖြစ်ပါသည်။ ဒန့်ဒလွန်ပင်သည် လူတို့အတွက်အကျိုးပြုရာမှာ ဆေးဖက်ဝင် အာဟာရဖြစ်ရုံတင်မကဘဲ လေထုညစ်ညမ်းမှုကို သာမန်အပင်များထက် အဆပေါင်းများစွာ လျော့ချပေးနိုင်သဖြင့် မိမိတို့နေထိုင်ရာခြံဝင်းအတွင်း တပိုင်တနိုင်စိုက်ပျိုးမည်ဆိုလျှင် မိမိတို့လည်း စားသုံးလို့ရပြီး ပိုလျှံလျှင်ဈေးကွက်တင်ရောင်းချမည်ဆိုပါက ဝင်ငွေလည်းရ၊ အဟာရလည်းဖြစ်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်မိပါသည်။

DOCA(ပဲခူး)