
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို မြေအောက်ရေတင်စနစ်ဖြင့် တစ်ရာသီလုံး စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် စိုက်ဧက (၅) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။
မျိုးအနေဖြင့် အစိမ်းကြားခရမ်းသီးမျိုးတစ်ထုပ်လျှင် ငွေကျပ်(၅၅၀၀)နှင့် ဆင်စွယ်ခရမ်းသီးမျိုးတစ်ထုပ်လျှင် ငွေကျပ်(၅၄၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၁၉) ထုပ်ခန့်ကုန်ကျပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ (၁၅)ရက်သားအရွယ်တွင် အတန်းလိုက် ပေါင်စနစ်ဖြင့် မြေချစိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ပျိုးထောင်စိုက်ပျိုးကာ ဩဂုတ်လဆန်းတွင် စတင်ထွက်ပေါ်ပြီး ယခုလက်ရှိအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် (၁၁၀၀၀၀၀)ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန်(၁၅၀၀-၂၀၀၀) ခန့်ထွက်ရှိ၍ ငွေကျပ် (၁၁၀၀၀၀၀)ကျော်အကျိုးအမြတ်ရရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် လက်ကားဈေး ခရမ်းသီးတစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀-၁၈၀၀) ဖြင့်ရောင်းချရပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့တင်ပို့ကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ခရမ်းသီးထွက်ပေါ်စချိန်တွင် ဈေးကောင်းရကြောင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)