အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

          မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်းသိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကွမ်းရွက်ဝါ (၁)ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသအလိုက် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ(၁)ဘူးလျှင် ကျပ်(၁၁၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၇၀၀)၊ ဗမာဆေး (၁)ထုပ်လျှင် ကျပ်(၆၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅)ပိဿာမှ (၆)ပိဿာထိ ပုံမှန်ရောင်းချရကြောင်း၊ ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများမှာ မှာယူရသည့်နေရာဒေသအလိုက် သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့် ယခင်ဩဂုတ်လ (စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ကွမ်းရွက် ကျပ်(၃၀၀၀)၊ ကွမ်းသီး ကျပ်(၃၀၀၀-၄၀၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျန်ကွမ်းပစ္စည်းများမှာ ဈေးငြိမ်လျက်ရှိကြောင်း အထက်မင်းလှ-သရက် ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)