၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် နှစ်စဉ်သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကြက်သွန်နီသီးနှံကို စိုက်ဧကအများဆုံး ဒေသစီးပွားဖြစ်စိုက်ပျိုးပြီး ဆောင်းကြက်သွန်နီ(ပင်စိုက်)ကို အဓိကစိုက်ပျိုးကြောင်း၊ ဇန်နဝါရီလဆန်းတွင် စိုက်ပျိုး၍ မတ်လကုန်တွင် တူးဖော်ပြီး ဧပြီလမှစ၍ အောက်တိုဘာလကုန်အထိ သက်တမ်း(၇)လခန့်သိုလှောင်ထားရှိကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီသိုလှောင်ထားရှိမှုကုန်ခါနီး၍ ဈေးကွက်သို့ ကုန်ချိန်များစွာဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

       မြို့ပေါ်ပွဲရုံဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးမှုများသော ရေပုတ်၊ အနောက်ကံတွင်း၊ ဆူးပုတ်ကုန်း၊ ကဇွဲ၊ ထန်းချောင်း၊ လိပ်ခြံ၊ ကျွန်းတော၊ ရွာသာအေး(၂)၊ တောင်ရွာမ၊ မြောက်ရွာမ၊ စိုက်ခမ်း ကျေးရွာများနှင့် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ တညောင်၊ ချောက်မြို့နယ်၊ ဆိပ်ဖြူကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း စုစုပေါင်းကြက်သွန်နီပိဿာချိန်(၁၅)သိန်းခန့်ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တောဈေး ဂျွန်တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၀၀၀-၁၈၀၀)ဈေးနှုန်းဖြင့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ စိုက်တောင်သူများအနေဖြင့် ကြက်သွန်နီဈေးမြင့်တက်ခြင်းမရှိသော်လည်း ရောင်းချမှုများကြောင်းသိရသည်။

         ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ်လအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၈)သိန်း၊ ကားအစီးရေ (၈၀)၊ ပြည်မြို့သို့ ကြက်သွန်နီပိဿာချိန်(၁)သိန်း၊ ကားအစီးရေ(၁၂)စီး၊ မြဝတီမြို့သို့ ကြက်သွန်နီပိဿာချိန်(၅)သိန်း၊ ကားအစီးရေ(၃၈)စီး၊ မော်လမြိုင်မြို့သို့ ကြက်သွန်နီပိဿာချိန် (၁)သိန်း၊ ကားအစီးရေ(၁၀)စီး၊ စုစုပေါင်းကြက်သွန်နီပိဿာချိန်(၁၅)သိန်းခန့်၊ တန်ချိန်အားဖြင့် (၂၄၄၉) တန်ခန့် ကုန်စည်စီးဆင်းခဲ့ပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)