စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့်အဖွဲ့သည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးပြီး ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် (၂၅.၃.၂၀၂၂) နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချောက်မြို့နယ်၊ ဂွေးပင်ကြီးအုပ်စု၊ ဂွေးပင်လေးကျေးရွာသို့ သွားရောက်၍ ဆီးဆံကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
ဆီးခွဲစက်ပိုင်ရှင် ဦးကျော်အေးနှင့်တွေ့ဆုံမေးမြန်းရာတွင် ချောက်မြို့နယ်တွင် ဇီးခွဲစက်ပေါင်း (၆၂)လုံးရှိပြီး ဂွေးပင်ရွာ(၁၅)လုံး၊ ဆင်ကကျေးရွာ(၄၂)လုံး၊ ကြို့ပင်ရွာ(၁)လုံး၊ စလေ(၁)လုံး၊ ဂွေးပင်လေးရွာ(၁)လုံး၊ ပြရွာ(၁)လုံးနှင့် ကတောက်ချောင်းရွာ(၁)လုံးတို့ရှိပါကြောင်း၊ ယခင်နှစ်က ဆီးသီးအစို (၁၆)ပြည် တစ်တင်းကို(၁၁၀ဝိ/-)ခန့်၊ ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို (၁၆၀ဝိ/-)နှုန်းခန့်သာ ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်တွင် ဆီးသီးအစို (၁၆)ပြည် တစ်တင်းကို (၄၀၀ဝိ/-)နှင့် ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို(၅၀၀ဝိ/-)ပေးဝယ်ရပါကြောင်း၊ ဆီးသီး အခြောက် (၁၆)ပြည် တစ်တင်းကိုကြိတ်ခွဲပါက ဆီးဆံ(၂၀/၂၅)ကျပ်သားခန့် ရရှိပါကြောင်း၊ ယခင်နှစ်က ဆီးဆံ(၁)ပိဿာ (၁၅၀၀ဝိ/-)အမြင့်ဆုံးရရှိခဲ့ပြီး ယခုနှစ်တွင် ဆီးဆံ(၁)ပိဿာ (၂၄၀၀ဝိ/၂၅၀၀ဝိ/-)နှုန်းဖြင့် မန္တလေးမြို့သို့ တင်ပို့ရပါကြောင်း ဆီးခွဲခြမ်းတစ်တင်းကို (၃၀ဝိ/-)နှုန်း ဖြင့် ပဲကြော်ဖိုများနှင့် ပုန်းရည်ကြီးဖိုများသို့ ရောင်းချရပါကြောင်း၊ ဆီးသီးပင်သည် ကျေးရွာများ၏ လယ်ယာခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ပျိုးထားရာမှ တောင်သူများအတွက် နှစ်စဉ်ဝင်ငွေရရှိနေပါ ကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံအလယ်ပိုင်း မိမိတို့ဒေသတွင် မိုးများပြီး အပွင့်များ ကြွေသဖြင့် ဆီးသီးအထွက်နှုန်း နည်းသော်လည်း ဆီးသီးရောင်းချရသည့်စျေးနှုန်းမှာ ယခင်နှစ်ထက်ပိုမိုရရှိ သဖြင့် တောင်သူများအတွက် အပိုဝင်ငွေတိုးသလို ဆီးခွဲစက်ပိုင်ရှင်များအနေဖြင့်လည်း ဆီးဆံ(၁) ပိဿာစျေးမှာ ယခင်နှစ်က(၁၅၀၀ဝိ/-)သာရပြီး ယခုနှစ်တွင် (၂၄၀၀ဝိ/၂၅၀၀ဝိ/-) ရရှိသဖြင့် တွက်ခြေကိုက်ပါကြောင်း လေ့လာသိရှိရပါသည်။