ရှမ်းရိုးရာအစားအစာဖြစ်သော ပဲပုပ်ချပ်နှင့် ချင်း/ ဂျူးပဲပုပ်စပ်ချပ်ပြုလုပ်ပုံအကြောင်း

Powered by Drupal

       ရှမ်းလူမျိုးများ၏ ရိုးရာအစားအစာများထဲတွင် ပဲပုပ်သည် ထိပ်ဆုံးမှ ပါဝင်လျက်ရှိပါသည်။ အောက်ပြည်အောက်ရွာမှ လူအများတို့သည် ထမင်းဝိုင်းတွင် ငါးပိမပါလျှင် မပြီးမပြည့်စုံသကဲ့သို့ ရှမ်းလူမျိုးတို့၏ နေ့စဉ်ဟင်းလျာတွင်လည်း ပဲပုပ်မပါလျှင် မပြီးမပြည့်စုံနိုင်ဖြစ်ရပါသည်။ ထို့ကြောင့်လည်း ရှမ်းလူမျိုးများကို ပဲပုပ်နှင့်တွဲဖက်၍မြင်ကြသောကြောင့် “ရှမ်းပဲပုပ်” ဟုခေါ်ဆိုကြပြီး “ပဲပုပ်စားပြီး ခေါင်းပြားအောင်အိပ်”ဆိုသော ရှမ်းစကားပုံလည်းရှိပါသေးသည်။

          ရှမ်းလူမျိုးများသည် ပဲပုပ်ကို ကြော်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍စားသုံးကြပါသည်။ ထိုထဲတွင် ပဲပုပ်ချပ်နှင့် ချင်း/ ဂျူးပဲပုပ်စပ်ချပ်ကို အများဆုံးပြုလုပ်စားသုံးကြပါသည်။ ရှမ်းလူမျိုးများ၏ ပဲပုပ်ချပ်ပြုလုပ်ပုံမှာ ပဲပုပ်စေ့များကို ပထမဦးစွာ ရေနှင့်သုံးနာရီခန့်စိမ်ထားပြီးမှ ဆယ်ယူကာ ပဲပုပ်စေ့များကျက်အောင် သုံးနာရီခန့်ပြုတ်ပေးရပါသည်။ ထို့နောက် ပြုတ်ပြီးသောပဲပုပ်များအား အိုးထဲသို့ထည့်ကာ နှစ်ရက် (သို့မဟုတ်) သုံးရက်ခန့် လေလုံအောင်ထုတ်၍ နှပ်ထားရပါသည်။ ပဲပုပ်နှပ်ပြီဆိုပါက ညက်နေအောင်ထောင်းပေးပြီး ရရှိလာသောပဲပုပ်နှစ်များကို မိမိလိုချင်သော အနေတော်ပမာဏခန့်လုံးပေးပြီး အခြောက်ခံရန် ဝိုင်းနေအောင်အချပ်ပြုလုပ်၍ နှစ်ရက်ခန့်နေလှမ်းပေးပြီးလျှင် ပဲပုပ်ချက်များရရှိလာပါသည်။

       ချင်း/ဂျူးပဲပုပ်စပ်ချပ်ပြုလုပ်ပုံမှာလည်း ထိုနည်းတူစွာပင်ဖြစ်ပါသည်။ ပဲပုပ်ချပ်ပြုလုပ်ပုံနှင့် ကွာခြားသွားသည်မှာကား ထောင်း၍ရရှိလာသော ပဲပုပ်နှစ်များထဲသို့ ချင်း/ ဂျူး၊ ဆား၊ ငရုတ်သီးတို့အား အချိုးအစားအတိုင်းထည့်၍ နှံစပ်အောင်ရောနှောပေးရပါသည်။ ထိုသို့ရောနှောထားသော ပဲပုပ်နှစ်များကိုလည်း အလုံးများပြုလုပ်၍ အချပ်ပြုလုပ်ပြီး နှစ်ရက်ခန့် အခြောက်ခံပြီးပါက အရသာကောင်းမွန်သော ချင်း/ ဂျူးပဲပုပ်စပ်ချပ်များရရှိလာပါသည်။ ဈေးကွက်တွင် အခြောက်ခံပြီး ရရှိလာသော အရသာကောင်းမွန်သည့်ပဲပုပ်ချပ်များကို တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်နှင့် ချင်း/ဂျူး ပဲပုပ်စပ်ချပ်များကိုမူ တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။ ရှမ်းလူမျိုးများသည် အဆိုပါပဲပုပ်ချပ်နှင့် ချင်း/ ဂျူးပဲပုပ်စပ်ချပ်များအား ဒေသတွင်းစားသုံးသည့်အပြင် နေပြည်တော်၊ မန္တလေးနှင့် အခြားသောဒေသများသို့လည်းတင်ပို့ရောင်းချပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများရရှိနေပါတော့သည်။

DOCA(ရှမ်း)