ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပြည်ပပို့ကုန် ပဲစင်းငုံသီးနှံ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များ၌ နှစ်စဉ် ပဲစင်းငုံသီးနှံကိုစိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူမြို့နယ်၌ ပဲစဉ်းငုံစိုက်ဧက (၄၉၅၁)ဧက၊ ရေစကြိုမြို့နယ်၌ (၄၈၉၇)ဧက၊ မြိုင်မြို့နယ်၌ (၁၂၂၃၂)ဧက၊ ပေါက်မြို့နယ်၌ (၇၉၄၃)ဧက၊ ဆိပ်ဖြူမြို့နယ်၌ (၁၃၃၅)ဧက၊ စုစုပေါင်း (၃၁၃၅၈)ဧကစိုက်ပျိုးကြောင်း၊ မျိုးစေ့အနေဖြင့် ပဲစင်းငုံ(အနီ)နှင့် (အဝါ) (၆)လသက်တမ်းရှည်မျိုးကိုစိုက်ပျိုးကြောင်း၊  ပဲစင်းငုံသီးနှံကို စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာလွယ်ပြီး ကုန်ကျစရိတ်သက်သာ၍ အလွယ်တကူရရှိခြင်းကြောင့် နှစ်စဉ်စိုက်ပျိုးပြီး မြေပဲခင်း၊ ပဲတီစိမ်းစိုက်ခင်းများတွင် သီးညှပ်စိုက်ပျိုးမှုများကြောင်းသိရှိရသည်။

        ပဲစင်းငုံသီးနှံသည် ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း အိန္ဒိယနိုင်ငံ၏ စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံသို့ နှစ်စဉ်တင်ပို့ရသော ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်သည်။ ယခုနှစ် သီးနှံပေါ်ချိန် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ တစ်တင်းလျှင် ကျပ်(၁၁၈၀၀၀)ပေါက်ဈေးရှိခဲ့ပြီး ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာခဲ့ရာ စက်တင်ဘာလ(ပထမပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၆၃၀၀၀)ထိဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် ပဲစင်းငုံသီးနှံပေါ်ချိန်တွင် တစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၈၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၆၇၀၀၀)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်၌လည်း ပဲစင်းငုံသီးနှံ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ (ပထမပတ်)တွင် တစ်ရက်လျှင် (၃၀)ပိဿာဝင်ဆံ့အိတ် (၅၀ မှ ၁၀၀) အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

         ပဲစင်းငုံတစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့(၁)ပြည်ခန့်ကုန်ကျပြီး အထွက်တင်းအနေဖြင့် တောင်သူတစ်ဦးလျှင် သွင်းအားစုသုံးစွဲပုံမတူညီခြင်း၊ စိုက်ပျိုးချိန်ရာသီနှင့် သီးနှံဖြစ်ထွန်းမှုမတူညီခြင်းကြောင့် ပျမ်းမျှအထွက်တင်း (၁၀-၁၅)ထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၃)သိန်းခွဲခန့်ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၂)သိန်းခန့်ရရှိကြောင်း၊ ယခုနှစ်တွင် ပဲစင်းငုံစိုက်တောင်သူများ ပြည်ပဝယ်လိုအားကောင်း၍ အကျိုးအမြတ်များစွာရရှိကြောင်းသိရှိရသည်။  ပြည်တွင်းမှထွက်ရှိသည့် ပဲစင်းငုံသီးနှံများကို ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိပြီး ဈေးကွက်ခိုင်မာမှုရှိကာ ဝယ်လက်အများဆုံးဖြစ်သည့် ပဲစားသုံးမှုများသော အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံသီးနှံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် မြန်မာနိုင်ငံသည် အိန္ဒိယဈေးကွက်တွင် အရေးပါသည့်နိုင်ငံဖြစ်ပါသည်။ ပဲစင်းငုံကို ပြည်ပပို့ကုန်အဖြစ် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်နိင်ငံများသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိ၍ ပြည်တွင်းဈေးကွက်အခိုင်အမာရှိပြီး တောင်သူများအတွက် ဝင်ငွေကောင်းလျက်ရှိသော ပဲစင်းငုံသီးနှံကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)