စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “မြသိန်းတန်” ဆီစက်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ(၂၈) အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် “မြသိန်းတန်” ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲထုတ်လုပ်ရာတွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ဆီများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးစစ်မှန်ပြည့်မီသော မြေပဲဆီများရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် “မြသိန်းတန်” ဆီစက်မှ ထုတ်လုပ်နေသောဆီများကို မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်နှိပ်၍ ပို့ဆောင်ရောင်းချရန်အတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များသို့ Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင်ခြင်းလုပ်ငန်းများလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်အသက်ဝင်လာပြီး မှတ်ပုံတင်မရှိဘဲ Online Sales ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်ရာ၌ ပူးတွဲတင်ပြရမည့်အချက်များအကြောင်းနှင့် မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)