တောင်သူများတွက်ချေကိုက်သည့် ခရမ်းချဉ်သီးများ ပိုမိုစိုက်ပျိုး

Powered by Drupal

                ခရမ်းချဉ်သီးဟာ ဗိုက်တာမင်-စီ ဓါတ်ပြည့်ဝပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိမ်ရှင်မများ၏ စားဖိုဆောင်ဟင်းလျာအတွက် လက်မလွတ်တမ်း စားသုံးကြတဲ့အပြင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ ခရမ်းချဉ်သီးယို၊ ဟင်းချက်အနှစ်စတဲ့ပုံစံအမျိုးမျိုးနဲ့ မရှိမဖြစ် စားသုံးတဲ့အဓိကသီးနှံဖြစ်ပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်အောင် စိုက်ပျိုးသင့်တဲ့ အသီးအနှံဖြစ်ပါတယ်။

          ခရမ်းချဉ်စိုက်တဲ့အခါ မိုးဦးစောမယ်ဆိုရင် မေလကနေ ဇန်နဝါရီလအတွင်း စိုက်ပျိုးနိုင်ပါတယ်။ ကွင်းပြင်၊ တောင်ခြေစိမ့်စမ်း ရှိတဲ့ဒေသတွေမှာစိုက်ရင် ရာသီဥတုပေါ်မူတည်ပြီး စိုက်ချိန်နဲ့ဖြစ်ထွန်းမှုတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။မစိုက်ခင် မြေပြင်ရာမှာ ထယ်ရေးကောင်းကောင်းဝင်နိုင်ဖို့ အရေးကြီးပါတယ်။ မြေကိုလည်း ညီအောင်ညှိဖို့လိုပါတယ်။ မြေပြင်ချိန်မှာ နွားချေးခြောက်၊ ကြက်ချေးဆွေးစတဲ့ သဘာဝမြေဩဇာတွေကို မြေအမျိုးအစားအလိုက် ချိန်ဆထည့်ပေးသင့်ပါတယ်။ တစ်ဧကကို ပိုတက်ဆီယမ်(၂)အိတ်နှုန်းနဲ့ ဖော့စ်ဖရပ် (၁)အိတ်နှုန်း မြေခံအဖြစ်ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပျိုးမြေအမျိုးအစားပေါ် မူတည်ပြီး မျိုးစေ့ကို ပျိုးထောင်သက်တမ်း (၁၈)ရက်ဝန်းကျင်အကြာမှာ အပင်ကို မြေချစိုက်ပြီး အပင်ဖြစ်ထွန်းမှုပေါ် မူတည်ပြီး ရက်(၂၀)တစ်ကြိမ်လောက် အပင်ကို မြေချစိုက်ပြီး အပင်ဖြစ်ထွန်းမှုပေါ် မူတည်ပြီး ရက်(၂၀) တစ်ကြိမ်လောက် (၁၅)ပတ်လည် (၂)အိတ်နှုန်းမှာ ပိုတက်ဆီယမ် (၁)အိတ်နှုန်း ရောစပ်ပြီး မြေဆီကျွေးပေးပါတယ်။

                စိုက်ပျိုးပြီး (၁၅)ရက် နောက်ပိုင်းမှာ တိုင်ထောင်ပါတယ်။ စိုက်ပျိုး ပြီး (၁)လသား ကျော်ရင်အသီး စမြင်ရပါပြီ။ ခရမ်းချဉ်မျိုးအပေါ် မူတည်ပြီး (၅၅)ရက်မှ (၇၀)ရက်အတွင်း အသီးခူးဆွတ်ရပါတယ်။ အသီးခူးသက်တမ်းကတော့ ရာသီဥတု၊ အပင်ပြုစုတဲ့အပေါ် မူတည်ပြီး (၂)လကနေ(၅)လအတွင်း အသီးခူးဆွတ်နိုင်ပါတယ်။ စိုက်ဘောင် အကျယ်ကို (၃)ပေခွဲထားပြီး အလယ်မြောင်းကို (၂)ပေထားရပါတယ်။ တစ်ဘောင်(၂)တန်းနှုန်းနဲ့ပင်ကြားကို (၁.၇၅)ပေနဲ့ ထားပြီးစိုက်ပျိုးပါတယ်။ တစ်ဧကမှာ အပင်ရေ(၇၀၀၀)ဝန်းကျင် စိုက်ပျိုး ပါတယ်။

                 ရေပေးဝေမှုအနေနဲ့ နေအရမ်းပြင်းချိန်တွင် စိုက်ပြီးအပင်မညှိုးခင် ရေလောင်းပေးရပါ မယ်။ (၂)ရက်ခြား တစ်ခါ ရေပေးသင့်ပါတယ်။ စိုက်စနစ်အပေါ် မူတည်ပြီး အစက်ချ စနစ်နဲ့ လည်း ရေပေးလို့ရပြီး တန်းကြားတွေမှာ မြောင်းဖောက်ထားပြီး ရေသွင်းပေးတဲ့စနစ်နဲ့လည်း ရေပေး ရပါတယ်။

               စိုက်ပျိုးစရိတ်အနေနဲ့ ခရမ်းချဉ် တစ်ဧက စိုက်ပျိုးမယ်ဆိုရင် သွင်းအားစုစရိတ်၊ လုပ်သားခ၊ မျိုးဖိုးစတဲ့ ကုန်ကျစရိတ်တွေအပါအဝင် စုစုပေါင်း ငွေကျပ် (၂၀၈၀၀၀၀/-) ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ တစ်ဧကလျှင် ပျမ်းမျှ ပိဿါချိန် (၁၂၆၀၀)ပိဿါ ထွက်ရှိပြီး၊ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ကျပ်(၃၀၀/-)နှုန်းဖြင့် တစ်ဧကလျှင် ကျပ် (၃၇၈၀၀၀၀/-)ရရှိပြီး တစ်ဧက၏ အကျိုးအမြတ်မှာ ကျပ်(၁၇၀၀၀၀၀/-) ရရှိသဖြင့် တောင်သူများအနေနဲ့ တွက်ချေကိုက်စီးပွားဖြစ်သည့် ခရမ်းချဉ်သီးကို ပိုမိုစိုက်ပျိုးကြပါစို့လို့ တိုက်တွန်းအကြံပြုလိုက်ရပါတယ်။

DOCA(ကယား)