
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအား ယင်းတို့၏ လုပ်ငန်းများအတွက် မှတ်ပုံတင်ရယူ၍ ဆောင်ရွက်စေရေး လစဉ် အသိပညာပေးဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ “AMC” နှင့် “ATC” စားသောက်ကုန်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများရောင်းချသည့် Online Shop လုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်သည့် မည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ထားကြောင်း၊ ထိုသို့အမိန့်ကြော်ငြာစာများထုတ်ပြန်ထားသည်ကို လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ “AMC” နှင့် “ATC”စားသောက်ကုန်မျိုးစုံနှင့်လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များသည် ယင်းတို့၏လုပ်ငန်းအတွက် မှတ်ပုံတင်ရယူဆောင်ရွက်ထားသည်ကိုတွေ့ရှိရပြီး မှတ်ပုံတင်လက်မှတ်ရရှိသူသည် မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍ သက်တမ်းတိုးလျှောက်ထားရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)