စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် အွန်လိုင်းရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားဆွေးနွေးခြင်းကို (၂၃-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ဆီစက်/ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့် အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းကို အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်လုပ်ကိုင်နေသူ မည်သူမဆို မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အွန်လိုင်း(Online) မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂)မျိုးရှိပြီး အမျိုးအစား(၁)ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ အမျိုးအစား (၂)မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ လိုအပ်သည့်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက်တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့် ပြင်ဆင်ကြေးများအကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီး ရောင်းချနေသူများအတွက် ရရှိနိုင်မည့်အခွင့်အရေးများအကြောင်းတို့ကို အွန်လိုင်း ရောင်းချသူများနှင့် ဆန်စက်/ဆီစက်လုပ်ငန်းရှင်စုစုပေါင်း(၁၅)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဆီစက်လုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ်အသား လျှောက်ထားလိုသူများအား ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသည့် (၂/၂၀၁၉) ညွန်ကြားချက်ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)