မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရလွယ်ကူသည့် ပဲစင်းငုံသီးနှံကို မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်များ၌ ၂၀၂၄ခုနှစ်တွင် စိုက်ဧက ၁၈၂၀၀၀ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။
ဇွန်လ-ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးစေ့အနေဖြင့် ပဲစင်းငုံ(အနီ)ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ သီးသန့်နှင့် သီးညှပ်ဟူ၍နှစ်မျိုးရှိပြီး သီးညှပ်စိုက်ပျိုးခြင်းကို ပိုမိုစိုက်ပျိုးကာ ထွန်ကြောင်းဆွဲ၍ အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၁ပြည်ခန့်ကုန်ကျ၍ စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ငွေကျပ်၄၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂-၁၅ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပဲစင်းငုံ(အနီ)ပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၁၁၈၀၀၀-၁၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်၁၀၀၀၀၀၀ကျော်ရရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ငွေကျပ် ၁၄၉၀၀၀-၁၅၁၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ပဲစင်းငုံသီးနှံကို မကွေးမြို့ပေါ်ရှိ ပွဲရုံများမှ ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများအတွက် အကျိုးအမြတ်များရရှိသည့် ပဲစင်းငုံသီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။
DOCA(မကွေး)