မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ တောင်သူ(၄၀)ဦးအနေဖြင့် ဆောင်းသီးနှံပဲကြီးဖြူစိုက်ဧက(၅၀)ခန့်ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)မှ စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
မယ်ဇလီတောကျေးရွာနေ တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် ပဲကြီး(၂)ဧကခန့်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် မျိုးကို ယခင်နှစ် ပဲကြီးစိုက်ခင်းမှ စိုက်ပျိုးထွက်ရှိသည့် ပဲကြီးစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ ပြန်လည်စိုက်ပျိုးကြသည့်အပြင် ဒေသခံတောင်သူအချင်းချင်းဆီမှလည်း မျိုး(၁)ပြည်လျှင် ကျပ်(၅၀၀၀)ဖြင့်ဝယ်ယူ၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကအတွက် မျိုး(၄)ပြည်ခန့်ကုန်ကျပြီး အပင်သက်တမ်း (၃)လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ် (၈၀၀၀၀ မှ ၁၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် ပဲကြီး(၁)ဧကလျှင် စိုက်ပျိုးစရိတ်နှင့် ခူးဆွတ်စရိတ်အပါအဝင် ကျပ်(၃)သိန်းခန့်ကုန်ကျခဲ့ပြီး အထွက်တင်းအနေဖြင့် (၁၀)တင်းမှ (၁၃)တင်းထိထွက်ရှိကာ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ထိဈေးရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းမှ (၁၀)သိန်းထိရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိ ပွဲရုံများသို့နှင့် မြို့နယ်အတွင်းရှိ ပဲကြမ်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့ရောင်းချကြောင်းသိရှိရပါသည်။
DOCA(မကွေး)