ပခုက္ကူဈေးကွက်၌ နှမ်းဈေးနှုန်း အနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ ပခုက္ကူမြို့တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်များမှ ကျေးရွာများနှင့် အခြားတိုင်းဒေသကြီးမြို့နယ်များမှထွက်ရှိသော နွေနှမ်းသီးနှံများ တစ်ရက်လျှင် ပိဿာ (၃၀)ဝင်အိတ် (၂၀၀-၃၀၀)ခန့်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ ဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၂၃၀၀၀)ဖြင့်လည်းကောင်း၊ နှမ်းညိုတစ်တင်းလျှင် ကျပ် (၁၁၀၀၀၀-၁၀၅၀၀၀)ဖြင့်လည်းကောင်း၊ နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀-၁၅၈၀၀၀)ဖြင့်လည်းကောင်း၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၂၂၀၀၀-၁၁၆၀၀၀) ဖြင့်လည်းကောင်း သီးနှံအရည်အသွေးကိုလိုက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

         ဩဂုတ်လ(စတုတ္ထပတ်)နှင့် စက်တင်ဘာလ(စတုတ္ထပတ်)အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက စက်တင်ဘာလ(စတုတ္ထပတ်)တွင် မိုးရွာသွန်းမှုများ၍ နှမ်းမျိုးစုံရောင်းဝယ်ရေးဈေးကွက်သို့ အရည်အသွေးညံ့သော နှမ်းများဝင်ရောက်မှုများ၍ ဈေးအနည်းငယ်ကျဆင်းပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဝင်ရောက်သည့်နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရသည်။

DOCA(မကွေး)