မုံရွာသောက်ရေသန့်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                 စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူးဦးဆောင်သော ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်  ပူးပေါင်း၍ (၂၈.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ “ ကောင်းကင်ယံ ” သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

                  “ကောင်းကင်ယံ” သောက်ရေသန့်လုပ်ငန်းကို ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး (၃)တန်စက် (၁)လုံး၊  လုပ်သားအင်အား(၁၉)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း၊ အသင့် သောက်သုံးနိုင်သော ရေသန့်ဖြစ်လာစေရန် ပထမဦးစွာ မြေအောက်ရေကို Sand ၊ Carbon ၊ Resin စသည့် အဆင့်များကို ဖြတ်ကျော်ပြီး စစ်ထုတ်ယူရကြောင်း၊ ၎င်းနောက်မှ ရရှိလာသောရေကို ပေါင်းခံခြင်း၊ ပြန်လည်သန့်စင်ခြင်းများ ပြုလုပ်ပြီး ၄၀% ကိုသာ ရေသန့်အဖြစ် အသုံးပြုကြောင်း၊ ဗူးများဆေးကြောရာတွင်လည်း ပထမအကြိမ်၊ ဒုတိယ အကြိမ်နှင့်တတိယအကြိမ် ရေကြမ်း၊ရေသန့်များဖြင့် အဆင့်ဆင့်ဆေးကြောပြီး ရေသန့်ထည့်ခြင်း၊ ပါကင်ပိတ်ခြင်း၊ တံဆိပ်ကပ်ခြင်းများ ဆောင်ရွက်ပြီး အိမ်အရောက်ပို့စနစ်ဖြင့် ဈေးကွက်သို့ ဖြန့်ဝေကြောင်း၊ ယခင်ကာလများက ကောင်းကင်ယံ သောက်ရေသန့်ကို မုံရွာမြို့တွင်း၊ ကြေးနီမိုင်းမြို့၊ ဘုတလင်မြို့များအပြင် ကားဂိတ်များ၊ အလှု၊ မင်္ဂလာပွဲများသို့ ပို့ဆောင်ပေးရသော်လည်း ယခုကာလတွင် နေအိမ်များ၊ ရုံးများသို့သာ ပို့ဆောင်ပေးရကြောင်း၊ အမျိုးအစားအားဖြင့် (၂၀) လီတာ ဗူးများကို အဓိကထား ထုတ်လုပ်သော်လည်း လိုအပ်ချက်အရ (၁)လီတာ၊ (၀.၆)လီတာ၊ (၀.၃)လီတာဗူးများကိုလည်း ထုတ်ပေးပါကြောင်း၊ (၂၀)လီတာ တစ်ဗူးကို (၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချပြီး (၁၀)ဗူးနှင့်အထက် မှာယူပါက အများဈေး(၅၀၀)ဖြင့် ရောင်းချပေးကြောင်း၊ ယခုအချိန်ကာလတွင် ကုန်ကြမ်းများကို ဈေးတက်၍ ဝယ်ယူရသောကြောင့် လုပ်ငန်းလည်ပတ်မှုမပြတ်စေရန်အတွက်လည်းကောင်း၊  မိမိလုပ်သားများ အလုပ်လက်မဲ့မဖြစ်စေရန်အတွက်လည်းကောင်း၊ ဝယ်ယူသူဖောက်သည်များ အတွက်ငဲ့ကွက်၍လည်းကောင်း အမြတ်အစွန်းမရရှိဘဲရောင်းချပေးနေရကြောင်း၊ သောက်သုံးရေဖြစ်သည့်အတွက် သန့်ရှင်းမှုကို အဓိကဦးစားပေး လုပ်ဆောင်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်ခွင့်ပြုချက်များလည်း ရရှိပြီးဖြစ်ကြောင်း၊  လုပ်ငန်းရှင်များဘက်မှ ဆွေးနွေးပြောကြားခဲ့ပါသည်။

                  မိမိတို့ဌာနမှလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း၊ ပြစ်မှု/ ပြစ်ဒဏ်များစသည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  အချက်များကို ဆွေးနွေးခဲ့ပါသည်။စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်လုပ်မှု အပိုင်းတွင်သာမက သိုလှောင်ထားသိုမှု၊ သယ်ယူပို့‌ဆောင်မှုအပိုင်းတွင် သန့်ရှင်း၍ စနစ်တကျရှိစေရန်နှင့် စားသုံးသူလက်ဝယ်ရောက်ချိန်တွင်လည်း နေပူထဲတွင်မထားရကြောင်း သိရှိအောင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ထားသိုသိမ်းဆည်းမှု အညွှန်းအဖြစ် ရေးသားဖော်ပြကြရန် ဆွေးနွေးခဲ့ပါသည်။  ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဉပဒေပါပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)