အခြေခံအကျဆုံး စားသုံးသူအခွင့်အရေးတစ်ရပ် (သို့မဟုတ် ) သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာ သိရှိခွင့်                                 

Powered by Drupal

             မိမိဝယ်ယူမည့် ကုန်စည်/ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး မှန်ကန်သောသတင်း အချက်အလက်သိရှိခွင့်သည် စားသုံးသူများ၏ အခြေခံရပိုင်ခွင့် (သို့မဟုတ်) အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင်ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေမှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါသည်။ စားသုံးသူများအနေနဲ့ မှန်ကန်သော သတင်းအချက်အလက်များရရှိမှသာ မိမိနှင့် သင့်လျော်မည့် ကုန်စည်/ဝန်ဆောင်မှုကို မိမိစိတ်ကြိုက်ရွေးချယ်ခွင့် ရနိုင်မည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာ၊လုံခြုံစိတ်ချစွာ သုံးစွဲခွင့်ရနိုင်မည် ဖြစ်သောကြောင့် အရေးကြီးလှပါသည်။

         ကုန်စည်/ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး မှန်ကန်သောသတင်းအချက်လက်တွေကို စားသုံးသူတွေသိရှိစေဖို့ အဓိကတာဝန်ရှိသူများမှာ ကုန်စည်/ဝန်ဆောင်မှုတွေကို ထုတ်လုပ်ဖြန့်ဖြူး၊ ရောင်းချသောလုပ်ငန်းရှင်များ ဖြစ်ပါသည်။ စားသုံးသူ(ဝယ်ယူသူ)က တောင်းဆိုသည်ဖြစ်စေ ၊မတောင်းဆိုသည်ဖြစ်စေ မိမိထုတ်လုပ်၊ဖြန်ဖြူး၊ရောင်းချမည့် ကုန်စည်/ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်ပတ်သက်သော ရိုးရှင်းမှန်ကန်သည့် သတင်းအချက်အလက် အပြည့်အစုံကို စားသုံးသူကို အသိပေးရန် စီးပွားရေးလုပ်ငန်းရှင်တိုင်းတွင် တာဝန်ရှိပါသည်။ထို့အပြင် စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး၊ စံသတ်မှတ်ချက်များ အပေါ်အခြေခံ၍ အာမခံချက်ပေးရန်လည်း လုပ်ငန်းရှင်တွင် တာဝန်ရှိပါသည်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့၏ကုန်စည်/ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စားသုံးသူတွေထံ သတင်းအချက်အလက်တွေကို အသိပေးတဲ့အခါ ကြော်ငြာတွေနဲ့ ကုန်အညွှန်းတွေကနေတဆင့် အသိပေး ကြခြင်း ဖြစ်ပါသည်။ စားသုံးသူတွေကို သတင်းအချက်အလက်တွေပေးတဲ့အခါမှာ လုပ်ငန်းရှင်များအနေနဲ့ ဖြောင့်မတ်ရိုးသားရန် လိုအပ်ပါသည်။ လိမ်လည်လှည့်ဖြားထားသော  ကြော်ငြာများ၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သောကြော်ငြာများ၊ အချက်အလက်ခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြထားသောကြော်ငြာများသည် ဥပဒေချိုးဖောက်မှုတွေဖြစ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတာကို လုပ်ငန်းရှင်များသတိပြုစေချင်ပါသည်။ ကြော်ငြာခြင်းနှင့် ပတ်သက်၍ တားမြစ်ချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၆၃) တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

          စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ အောက်ပါကြော်ငြာအမျိုးအစားများကို ကြော်ငြာခြင်း မပြုရ-

          (က)      ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှု နှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အချိန်တို့နှင့်စပ်လျဉ်း၍ လိမ်လည် လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊

          (ခ)        ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံပေးထားမှုနှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း ပြုထားသော ကြော်ငြာများ၊

          (ဂ)       ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များ ပါဝင်သည့် ကြော်ငြာများ၊

          (ဃ)      ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိပေးခြင်းမရှိသော ကြော်ငြာများ၊

          (င)        သက်ဆိုင်သူ၏ခွင့်ပြုချက်မရရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက် တစ်ခုအပေါ် အသုံးပြု ထားသော ကြော်ငြာများ၊

          (စ)        တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသည့် ကြော်ငြာများ။ 

        အချို့လုပ်ငန်းရှင်များအနေဖြင့် အရောင်းမြှင့်တင်ခြင်းဆောင်ရွက်ကြရာတွင် မိမိအမှန် တကယ်ပေးအပ်နိုင်ခြင်းမရှိသော၊ အမှန်တကယ်ပေးရန်ရည်ရွယ်ထားခြင်းမရှိသော မက်လုံးများ ပေးပြီးဝယ်သူကို ဆွဲဆောင်တတ်ကြပါသည်။ မိမိ၏ ကုန်စည်/ဝန်ဆောင်မှုကိုဝယ်ယူပါက အာမခံ သက်တမ်း မည်မျှပေးမည်၊ အာမခံသက်တမ်းအတွင်း မည်သို့ဝန်ဆောင်ပေးမည်၊ အပိုဆောင်းပစ္စည်းပေးအပ်မည်၊ ရောင်းချပြီးအပိုဝန်ဆောင်မှုပေးမည်၊ ကံစမ်းမဲနှင့် အလားတူအခွင့်အရေးများပေးမည်စသည်တို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ကြော်ငြာခဲ့ပြီးနောက် အမှန်တကယ်ရောင်းချရာတွင် ကြော်ငြာထားသည့်အတိုင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် စားသုံးသူများနှင့် အငြင်းပွားမှုများကြုံခဲ့ကြရပြီး ဌာနသို့တိုင်ကြားခံရခြင်းများရှိကြောင်း တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်ကြားသူနှင့် တိုင်ကြားခံရသည့်လုပ်ငန်းရှင်ကို ခေါ်ယူ၍  စေ့စပ်ညှိနှိုင်းခြင်း၊ စီမံခန့်ခွဲမှုနည််းလမ်းများဖြင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ရပြီး လုပ်ငန်းရှင်က ကြိုတင်ကတိကဝတ်ပြုထားသည့်ခဲ့အတိုင်း၊ ကြော်ငြာခဲ့သည့်အတိုင်း စားသုံးသူမှရရှိနိုင်ရေး၊ စားသုံးသူနစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးခဲ့သည်များရှိပါသည်။ အရောင်းမြှင့်တင်ခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၆၄ တွင် အောက်ပါအတိုင်း တားမြစ်ထားသည်ကို တွေ့ရပါသည်။

  စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အောက်ပါအခြေအနေတစ်ခုခုဖြင့် အရောင်းမြှင့်တင်ခြင်း မပြုရ-

          (က)      သတ်မှတ်ထားသောကာလအတွင်း ကြော်ငြာထားသော ပမာဏ၊ အရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ ကုန်စည်ကို အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန် ကမ်းလှမ်းခြင်း၊

          (ခ)        ကုန်စည်တစ်ခုကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ် ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချရန် ကမ်းလှမ်းခြင်း၊

          (ဂ)       စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန် ကမ်းလှမ်းခြင်း။

         အထက်တွင်ဖော်ပြခဲ့သော ပုဒ်မ ၆၃ နှင့် ပုဒ်မ ၆၄ပါ ပြဌာန်းချက်တွေကို ဖောက်ဖျက် ကျူးလွန်ပါက ပုဒ်မ ၇၀ (က)အရအရေးယူခြင်းခံရမည်ဖြစ်ပြီး ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀ထက်မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။

          စားသုံးသူသို့ သတင်းအချက်များပေးရာတွင် နောက်ထပ်အရေးကြီးသည့်အချက်မှာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်သားသည် ကုန်စည်နှင့် ပတ်သက်ပြီး စားသုံးသူများ သိသင့်သည့်အချက်အလက်များ၊ သတိပြုရမည့်အချက်များ၊ စားသုံးသူက လိုက်နာရမည့်အချက်များကို တိကျမှန်ကန်စွာ အသိပေးခြင်းဖြစ်ရာ စားသုံးသူက ကုန်အညွှန်းအမှတ်အသားကို ဖတ်ရှုကြည့်ရုံဖြင့် အဆိုပါကုန်စည်နှင့်ပတ်သက်ပြီး ဂဃနဏ သိရှိသွားစေရေး ရည်ရွယ်၍ ဖော်ပြစေခြင်း ဖြစ်ပါသည်။ ပစ္စည်းတစ်ခု၏ ကုန်အညွှန်း အမှတ်အသားပါဖော်ပြချက်များကို သိရှိမှသာ စားသုံးသူအနေဖြင့် ဘေးကင်းလုံခြုံစွာ စိတ်ချလက်ချ သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် "ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်း အမှတ်အသားက" ဟု ဆိုနိုင်ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အရေးကြီးသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်းတစ်ခန်းအနေဖြင့် ပြဌာန်းထားသည်ကို တွေ့ရသည်။ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် အရေးအကြီးဆုံးအချက်များမှာ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ ဖြစ်ပါသည်။ ၎င်းအချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရန်လို​အပ်သည့်အတွက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားပါသည်။ အဆိုပါအချက်များကို ဖော်ပြရမည်ဆိုသော်လည်း ကုန်စည်၏ သဘောသဘာဝအရ အချို့အချက်များကို ဖော်ပြရန်မလိုအပ်သည်များ လည်းရှိပါသည်။ ဥပမာ- သောက်ရေသန့်တွင် ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် မလိုအပ်ပါ။လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ၃.၁၂.၂၀၁၉ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ညွှန်ကြားချက်တွင်ကုန်စည်အုပ်စုအလိုက် မဖြစ်မနေဖော်ပြရမည့်အချက်များကို တိတိကျကျ သတ်မှတ်ပေးထားပါသည်။ အဆိုပါ ညွှန်ကြားချက်ကို နိုင်ငံပိုင် သတင်းစာများ၊ မီဒီယာများတွင် ဖော်ပြပြီး လုပ်ငန်းရှင်များသိရှိလိုက်နာစေရေး အသိပေးကြေငြာခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ညွှန်ကြားချက်ကို စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm တွင်လည်း ဖတ်ရှုနိုင်ပါသည်။ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် စာလုံးအရွယ်အစားဖြစ်ရမည်ဖြစ်ပြီး ကုန်ပစ္စည်းပေါ်တွင် အချက်အလက် ဖော်ပြရန် မဖြစ်နိုင်ပါက လက်ကမ်းစာစောင်၊အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့ တစ်ပါတည်းပေးအပ်ရမည် ဖြစ်ပါသည်။

       ကုန်အညွှန်းအမှတ်အသားတွင် ထုတ်လုပ်သည့်ရက်၊သက်တမ်းကုန်သည့်ရက်၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုအချိုးအစားတို့ကိုလည်း ဖော်ပြရန် လိုအပ်ပါသည်။ ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်း ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာတို့ကို ဖော်ပြရန်နှင့် ပြည်ပမှတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ထုတ်ပိုးခြင်း ဖြစ်ပါက ပြန်လည်ထုပ်ပိုးသည့်နေရာကိုလည်း ဖော်ပြရန် လိုအပ်ပါသည်။ ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သည့်နေရာကို ဖော်ပြရမည် ဖြစ်ပါသည်။ ကုန်စည်၏ သဘောသဘာဝအရ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကိုလည်း ဖော်ပြရန် လိုအပ်ပါသည်။

        ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဌာန၏ အတည်ပြုချက်ရယူလိုပါက စားသုံးသူရေးရာဦးစီးဌာနသို့တင်ပြပြီး အတည်ပြုချက်ရယူနိုင်ပါသည်။ သို့သော် မဖြစ်မနေ ဌာန၏အတည်ပြုချက်ရယူရန် လိုအပ်ခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်၏ဆန္ဒသဘောဖြင့်သာ ဆောင်ရွက်နိုင်ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အချက်အလက်မှန်ကန်မှု ၊တိကျမှုရှိရန် လိုအပ်ပါသည်။ ကုန်စည်၏ အမျိုးအမည်ကိုဖော်ပြရာ၌ ယေဘုယျသဘောဆန်ဆန် ဖော်ပြခြင်းသည် စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့်အတွက် ထိုသို့ဖော် ပြခြင်းမျိုးမဟုတ်ဘဲ တိကျသောအမျိုးအမည်ကို ဖော်ပြရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် စားသုံးဆီ၏ ကုန်အညွှန်းအမှတ်သားတွင် "ဟင်းသီးဟင်းရွက်ဆီ (vegetable oil) " ဟု ယေဘုယျအမည်ကို ဖော်ပြခြင်းမပြုဘဲ ​စားအုန်းဆီ၊မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊ပဲပုတ်ဆီ စသည်ဖြင့် တိကျသောအမျိုးအမည်ကို ဖော်ပြရန်လိုအပ်ပါသည်။  ထို့အပြင် ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း​ဖော်ပြချက်၊ကြိုတင်သတိပေးချက် စသည့်အချက်များတွင်လည်း စားသုံးသူများအလွယ်တကူနားလည်နိုင်စေရေး ရိုးရိုးရှင်းရှင်း၊ တိတိကျကျ၊မှန်မှန်ကန်ကန် ဖော်ပြရမည် ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေတွင် "ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း"ကို ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ တို့တွင် ပြဌာန်းထားပြီး ပြဌာန်းချက်များနှင့်ကိုက်ညီမှု မရှိသောကုန်စည်/ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားပါသည်။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပြဌာန်းထားပါသည်။

          ကုန်စည်တွင် ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းသည် လုပ်ငန်းရှင်၏ တာဝန်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်မှာ စားသုံးသူများ၏ တာဝန်ဖြစ်ပါသည်။ သို့ပါ၍ စားသုံးသူများအနေဖြင့် မည်  သည့် ကုန်စည်/ဝန်ဆောင်မှုကိုမဆို မဝယ်မီကုန်အညွှန်းကို သေချာစွာ ဖတ်ရှုသင့်ပါသည်။ ကုန်အညွှန်းပါ လိုက်နာရန်အချက်များကို တိတိကျကျ လိုက်နာရန်လည်း လိုအပ်ပါသည်။ ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ခြင်းသည် မိမိကိုမိမိ သတင်းအချက်အလက်ပေးခြင်း မည်ပါသည်။ အသိပညာပေးခြင်းမည်ပါသည်။ ကုန်အညွှန်းအမှတ်အသားပါ လိုက်နာရမည့်အချက်များကို တိတိကျကျလိုက်နာခြင်းသည် မိမိကိုမိမိစောင့်ရှောက်ခြင်းမည်ပါသည်။ လုပ်ငန်းရှင်က အသိပေးပါလျက်နှင့် စားသုံးသူက လိုက်နာရန်ပျက်ကွက်ပါက ပျက်ကွက်သူတွင် တာဝန်ရှိသည်ကို အထူးသတိပြုစေချင်ပါသည်။

        အချုပ်အားဖြင့်ဆိုရလျင် မှန်ကန်ပြည်စုံသည့် သတင်းအချက်အလက်သိရှိခွင့်သည် စားသုံးသူ၏ အခွင့်အရေးဖြစ်သကဲ့သို့ လုပ်ငန်းရှင်၏တာဝန်လည်း ဖြစ်ပါသည်။ စားသုံးသူများသို့ သတင်းအချက်အလက်ပေးရာတွင် မှန်ကန်မှုရှိစေရေး၊ လိမ်လည်လှည့်ဖျားမှုမရှိစေရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန်မှာ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများ၏ တာဝန်ဖြစ်ပါသည်။ စားသုံးသူများအနေဖြင့်လည်း အချက်အလက်ပြည့်စုံစွာ သိရှိရခြင်းမရှိသောကုန်ပစ္စည်း/ဝန်ဆောင်မှုများကို ဝယ်ယူခြင်းသုံးစွဲခြင်းမပြုရန်၊ ရရှိလာသော သတင်းအချက်အလက်များသည် မှန်ကန်မှုရှိ/မရှိသုံးသပ်ရန်၊ သတ်မှတ်ချက်၊ လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ပါသည်။ အစိုးရဌာနများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများဟန်ချက်ညီညီအားထုတ်မှသာ စားသုံးသူများ၏ မှန်ကန်သော သတင်းအချက်အလက်သိရှိခွင့်ကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ စာရေးသူ၏အမြင်အားဖြင့် မှန်ကန်သော သတင်းအချက်အလက်သိရှိခွင့်သည် အခြေခံအကျဆုံး စားသုံးသူအခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု ဆိုချင်ပါသည်။ စားသုံးသူများအနေဖြင့် သတင်းအချက်အလက်များကို မှန်မှန် ကန်ကန် သိရှိရမှသာမိမိစိတ်ကြိုက်ရွေးချယ်ခွင့်၊ အခြေခံလိုအပ်ချက်များ အပေါ်စိတ်ကျေ နပ်မှုရရှိခွင့်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် စသည့်အခွင့်အရေးများကို ဆက်လက် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန် သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိလာနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)