မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအနက် တိုင်ထောင်တစ်လပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ယခင်အချိန်က ပဲတောင့်ရှည်သီးနှံများကို လယ်ကန်သင်းရိုးများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် လယ်မြေနှင့် ယာမြေများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ပဲတောင့်ရှည်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်မျိုးများသာ အသုံးများကြောင်း(အန်ဒီ ၃၁၃)တံဆိပ်မျိုးတစ်ထုတ်လျှင်(၆၀၀၀/-)ကျပ်ပေးဝယ်ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-) ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၃၅၀-၄၀၀)အထိ ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရာသီပေါ်စအချိန်တွင် ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင်(၃၁၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့်တစ်ပိဿာလျှင်(၃၆၀၀/-) ကျပ်ဖြင့် ရောင်းချရပြီး ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ (၂၅)ကျပ်သားတစ်စီး လျှင်(၈၀၀-၁၀၀၀/-)ကျပ် ရောင်းချရကြောင်း၊ ပဲတောင့်ရှည်သီးနှံကို ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ မြိို့ပေါ်ဈေးများသို့လည်း သွားရောက်ရောင်းချကြကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၇၅၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေလည်းရရှိကြောင်း၊ ရေဝင်ရောက်မှုမရှိသော ကျောက်ဆည်မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ ပဲတောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)