ကန့်ဘလူခရိုင်၌ မိုးနေကြာစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

        မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်၃၅၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၆တင်းခန့်ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ ပထမပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ်၅၀၀၀၀ဖြင့် ရောင်းဝယ် လျက်ရှိကြောင်းသိရသည်။

        ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများက ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် နေကြာသီးနှံတစ်ဧကလျှင် ငွေကျပ်၄၅၀၀၀၀ခန့်ရရှိကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)