စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေးလျက်ရှိရာ (၁-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များအား Online စနစ်ဖြင့် ရောင်းချခြင်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးမှုတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း (Online) စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကိုဆိုလိုခြင်းဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လိုသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်ပြီး၊ သတ်မှတ်ချက်များအားလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူများအနေဖြင့် ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းများနှင့် ပတ်သက်သည့်အချက်များကိုလည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများကိုလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လုပ်ငန်းရှင် (၆၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)