ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%)ဆန် အိတ်အရေအတွက် (၃၀၀၀၀)၊ တန်ချိန်အားဖြင့် (၁၅၀၀)တန်ကို ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၂၈-၉-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့် နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။
ဟင်္သာတဆိပ်ကမ်းတွင် စိန်လင်းထွန်း တွဲသင်္ဘောပေါ်သို့ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၂၈-၉-၂၀၂၄)ရက်နေ့မှ စတင်ဆောင်ရွက်နေပြီး ရာသီဥတုအခြေအနေပေါ်မူတည်၍ (၅-၁၀-၂၀၂၄)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ သင်္ဘောတင်ပြီးပြီးချင်း ဟင်္သာတဆိပ်ကမ်းမှ ထွက်ခွာကာ ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံခြားသင်္ဘောပေါ်သို့ ပြောင်းရွှေ့တင်ပို့မည်ဖြစ်ပါသည်။ ဟင်္သာတဆိပ်ကမ်း၌ ဧည့်မထ (၂၅%) ဆန်များ၏ အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီ နှင့် COTECNA ကုမ္ပဏီတိုက လာရောက်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)