ပခုက္ကူဈေးကွက်၌ ခေါက်ဆွဲခြောက်ထုပ်များ အရောင်းအဝယ်သွက်နေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်းသင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော် ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှုများ ကြောင်း သိရှိရသည်။

    ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာ တွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီးရောင်းချကြောင်း၊ ရွှေဒင်္ဂါးအဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၁၀၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ စွမ်းထက် ခေါက်ဆွဲဖြူ တစ်ပိဿာလျှင် ကျပ်(၇၄၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ခေါက်ဆွဲအလုံးစည်း တစ်စည်းလျှင် ကျပ်(၇၀၀) အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ကြမ်းဂျုံသီးနှံ ဈေးနှုန်းကျဆင်းခြင်းမရှိ၍ ခေါက်ဆွဲခြောက် ဈေးနှုန်းများလည်း ကျဆင်းခြင်း မရှိကြောင်း၊ ယခုအချိန် စာသင်ကျောင်းများ ဖွင့်လှစ်ချိန်ဖြစ်၍ ကျောင်းဈေးတန်းများတွင် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ် သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှုများလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း‌ ခေါက်ဆွဲ ခြောက်ပိဿာ (၁၃၀-၁၅၀) ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)