ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ကြက်သွန်နီဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော ချတောက်၊ ရွာသစ်၊ ဆင်နီတောင်၊ ဒေါသာ၊ ရေပုတ်၊ ပေတော ကျေးရွာများနှင့် အခြားမြို့နယ်များဖြစ်သည့် ချောက်၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူမြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန်ပိဿာ(၅)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၄)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀ - ၁၃၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၇၀၀ - ၂၀၀၀) ဈေးဖြင့် ဒေသတွင်း နေရာ အနှံ့အပြား ရောင်းချလျက်ရှိ ကြောင်း၊ ပြည်ပဝယ်လိုအား ဈေးကွက်နည်း၍ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၄)သိန်း၊ တန်ချိန် အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရပါသည်။

DOCA(မကွေး)