ဆိပ်ဖြူဒေသထွက်ခရမ်းသီးများ ဈေးကောင်းရရှိ၍ စိုက်တောင်သူများအကျိုးအမြတ်များစွာရရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် နှစ်စဉ်ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးရာမှ စားဖိုဆောင်သုံး ကုန်စိမ်းသီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့နယ်အတွင်း ချောင်းမကြီးကျေးရွာသည် မိမိတို့၏ အိမ်ခြံမြေဥယျာဉ်မြေများတွင် တစ်နှစ်ပတ်လုံး ကုန်စိမ်းသီးနှံမျိုးစုံနှင့် ပန်းမျိုးစုံစိုက်ပျိုးခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိသည်။ ယခုနှစ်တွင် ခရမ်းသီးအစိမ်းပြောင်(အလုံးကြီး)မျိုးကို (၅)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ ဇွန်လတွင် စတင်စိုက်ပျိုးကြောင်း၊ ထိုင်ဝမ်မျိုးစေ့ထုပ်ဝယ်ယူ၍စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုးစေ့အထုပ်(၂၀)ခန့် ကုန်ကျကြောင်း၊ မျိုးစေ့ကို ပလတ်စတစ်အိတ်ဖြင့် မြေဆွေးထည့်၍ပျိုးပြီး ရက်(၂၀)သားအကြာတွင် မြေပြင်သို့ ပြောင်းရွှေ့စိုက်ပျိုးပြီး ပင်ကြားတန်းကြား(၂)ပေအကွာစိုက်ပျိုးပြီး ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပျိုးချိန်မိုးရွာသွန်းမှုများပါက ရေသွင်းအကြိမ်ရေလျော့နည်းပြီး ကုန်ကျစရိတ်သက်သာကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် အပွင့်လိုက်၍ အသီးကင်းတင်ပြီး ရက်(၇၀)ခန့်တွင် အသီးစတင်ဆွတ်ခူးရကြောင်း သိရှိရသည်။

      (၁)ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၂)သိန်းခန့်ကုန်ကျကြောင်း၊ ခရမ်းသီးပိဿာ(၁၅၀၀)ခန့်ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင် လက်ကားဈေးကျပ်(၃၀၀၀-၃၅၀၀)၊ လက်လီဈေးကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် သိန်း(၄၀) ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ကုန်စိမ်းရောင်းဝယ်ရေးဆိုင်များနှင့် ချောက်မြို့ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် ခရမ်းသီးစိုက်တောင်သူများအနေဖြင့် သီးနှံပေါ်ချိန် ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာရရှိကြောင်း ချောင်းမကြီးကျေးရွာရှိ ဥယျာဉ်ခြံမြေစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)