ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိ၍ ဆောင်းနေကြာကို အဓိကထား၍စိုက်ပျိုးကြပြီး မိုးနေကြာကို စမ်းသပ်စိုက်ပျိုးလာကြသဖြင့် ဧကအနည်းငယ်သာစိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ပြည်ခရိုင်အနေဖြင့် မိုးနေကြာကို ဧက (၂၄၂)ဧကသာစိုက်ပျိုးနိုင်ခဲ့ပြီး ပြည်မြို့နယ်တွင် ၁၀၁ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၆၉ဧက၊ ပန်းတောင်းမြို့နယ်တွင် ၂၄ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၄၈ဧကစိုက်ပျိုးထားကြောင်း သိရပါသည်။ ယခင်နှစ်တွင် နေကြာတစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၁၁)တင်းကျော်ခန့်ထွက်ရှိပါသည်။ နေကြာကိုဆီကြိတ်၍ စားသုံးကြသည့်အပြင် အစေ့ကိုလှော်၍လည်းစားသုံးကြပါသည်။ နေကြာဆီကို ပြည်ခရိုင်တွင် ဆီစက်တချို့တွင်သာ အနည်းငယ်ကြိတ်ခွဲပြီး လိုအပ်သောနေကြာဆီကို အခြားမြို့များဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့တို့မှ မှာယူတင်သွင်းရောင်းကြပါသည်။ နေကြာစေ့ကို ဆီကြိတ်ရာတွင် နေကြာစေ့ (၁၀)ပိဿာလျှင် နေကြာဆီ (၅)ပိဿာကျော်ထွက်ရှိ၍ နေကြာကြိတ်ဖတ် (၅)ပိဿာခန့်ထွက်ရှိကြောင်းသိရပါသည်။ နေကြာဈေးနှုန်းများအနေဖြင့် ယခုနှစ်တွင် တစ်တင်းလျှင် ၃၅၀၀၀ကျပ်ဖြင့် ဈေးပေါက်နေပြီး ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် ၂၇၀၀၀ကျပ် ဖြင့်ရောင်းချခဲ့သဖြင့် တစ်တင်းလျှင် ၈၀၀၀ကျပ်ခန့်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်အတွင်းထွက်ရှိသော နေကြာစေ့များကို အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးဘဲ မိမိခရိုင်အတွင်းသာ စားသုံးဆီဖူလှုံရေးအတွက် ဆီအနည်းသာကြိတ်ခွဲ၍ ရောင်းချကြောင်းသိရပါသည်။ ဆောင်းနေကြာများကို စိုက်ပျိုးရန်အတွက်လည်း ယခုအချိန်တွင် နေကြာသီးနှံကို သီးသန့်၊ သီးညှပ်တိုးချဲ့စိုက်ပျိုးရန်အတွက် သက်ဆိုင်ရာဌာနများမှ အသိပေးဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ကြကြောင်းသိရပါသည်။
နေကြာဆီသည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် လူကို ဘေးဖြစ်စေတတ်သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် ကျန်းမာရေးအရ ညီညွတ်ကြောင်းသိရပါသည်။ နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းသည် တောင်သူများနှင့် ဆီစက်လုပ်ငန်းရှင်များတွက်ခြေကိုက်ပြီး ဒေသခံများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။ နေကြာဆီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပြီး ကျန်းမာရေးလိုက် စားသူနှင့် စီပွားရေးပြေလည်သူများက ဝယ်ယူစားသုံးကြပါသည်။ ငွေကြေးမတက်နိုင်သူများမှာ ဝယ်ယူမစားသုံးနိုင်သဖြင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် နေကြာဆီကိုဝယ်ယူရရှိနိုင်မည်ဆိုလျှင် နိုင်ငံခြားမှ တင်သွင်းရောင်းချသော ဆီများအစား ပြည်တွင်းဖြစ်နေကြာဆီကိုစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်လာနိုင်မည်ဖြစ်ပါသည်။ ထိုကြောင့် ပြည်တွင်းဆီဖူလှုံရန်အတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)