ကွမ်းသီးနုများသည် ဇွန်လ၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ဩဂုတ်လ၊ စက်တင်ဘာလများတွင် တဖြည်းဖြည်းရင့်မာလာကြသည်။ ကွမ်းသီးနုရာသီကုန်ဆုံးချိန် စက်တင်ဘာလနောက်ပိုင်းတွင် မွန်ပြည်နယ်၌ ကွမ်းသီးနုများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ကွမ်းသီးနုလှိုင်လှိုင်ပေါ်ချိန် ဇွန်လ၊ ဇူလိုင်လများတွင် ကွမ်းသီးနုတစ်ပိဿာလျှင် (၆၈၀၀-၇၀၀၀) ကျပ်ရှိခဲ့ပြီး ယခုစက်တင်ဘာလကုန်တွင် ကွမ်းသီးနုတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။ ယခုကဲ့သို့ ကွမ်းသီးနုဈေးနှုန်းမြင့်တက်ရခြင်းမှာ ကွမ်းသီးနုရာသီကုန်ဆုံးချိန်ဖြစ်ခြင်း၊ “ရာဂိ” မုန်တိုင်းဒဏ်ကြောင့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ရှိ ကွမ်းသီးထွက်ရှိရာဒေသများတွင် ကွမ်းသီးနုများပျက်စီးဆုံးရှုံးမှုများကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ရှိ ကွမ်းသီးနုပေါင်းစက်ရုံလုပ်ငန်းရှင်ထံမှသိရှိရသည်။
မွန်ပြည်နယ်မှ ကွမ်းသီးနုများကို ကွမ်းသီးနုပေါင်းစက်ရုံတွင် အခြောက်ခံခြင်း၊ ပေါင်းခံခြင်းအဆင့်ဆင့်ပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ကာ မောတောင်နယ်စပ်မှ ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း ၎င်းကပြောကြားခဲ့သည်။ ယခုအချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ကွမ်းသီးများမှာ ရင့်မာလာကြသဖြင့် ကွမ်းသီးနုများကို တနင်္သာရီတိုင်းမှ ဝယ်ယူနေရကြောင်းသိရှိရပါသည်။
DOCA(မွန်)