ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (OVOP) ဖြစ်သည့်ဆားလင်းကြီးမြို့နယ် ကြက်မွှေးတံမြက်စည်းလုပ်ငန်း

Powered by Drupal

            ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး((OVOP)ဆိုသည်မှာပြည်တွင်းပြည်ပဈေးကွက်ရရှိရန် ရည်ရွယ်လျက် ဒေသကျေးရွာအလိုက် ထုတ်ကုန်တစ်မျိုကို အထူးပြုပြီး ဒေသအမည်ဖြင့် ထုတ်လုပ်‌ဆောင်ရွက်ခြင်းဖြစ်သည့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(OVOP) လုပ်ငန်းများကို ဂျပန်နှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတော်တော်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သလို မြန်မာနိုင်ငံတွင်လည်း (OVOP) လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများမှ အားပေးမြှင့်တင်ပံ့ပိုးပေးမှုများရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

          ‌ကျေးရွာတစ်ရွာ(သို့)ဒေသတစ်ခုစီတိုင်းတွင် နာမည်ကျော်ကြားသည့် ထုတ်ကုန်တစ်မျိုးစီရှိကြမြဲဖြစ်သည့် မုံရွာမြို့၏ အနောက်ဘက်ကမ်း ၊ဆားလင်းကြီးမြို့နယ်၏ အနောက်တောင်ဘက်တွင်ရှိသည့် ကျွဲခိုတောကျေးရွာ၏ ကြက်မွှေးလုပ်ငန်းမှာ ဒေသတွင်းဈေးကွက်၌ နာမည်ရနေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကျွဲခိုတောကျေးရွာသည် အိမ်ခြေ(၂၀၀) ကျော်ရှိပြီး၊ ကြက်မွှေးလုပ်ငန်းကို ယခင်ကတည်းက မိရိုးဖလာတစ်နိုင်တစ်ပိုင် လုပ်ကိုင်လာခဲ့ရာမှ ယခုဆိုလျှင် တစ်ရွာလုံးနီးပါး ကြက်မွှေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြကြောင်းသိရှိရပါသည်။ ကြက်မွှေးပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ကြက်မွှေးများကို မုံရွာမြို့နယ်ရှိ မွေးမြူရေးကြက်ခြံများနှင့် ဒေသတွင်းရှိ မွေးမြူရေးကြက်ခြံများမှ ဝယ်ယူစုဆောင်းရရှိပြီး ကြက်မအမွှေးတစ်ပိဿာကို (၈၀၀- ၁၀၀၀)ကျပ်နှင့် ကြက်ဖအမွှေးတစ်ပိဿာကို (၁၅၀၀-၁၈၀၀)ကျပ်ပေးဝယ်ရကြောင်း၊ ကြက်မွှေးတစ် ပိဿာကို အသုံးပြုပါက ကြက်မွှေးချောင်း (၈)ချောင်းရှရိကြောင်းသိရှိရပါသည်။ ကြက်မွှေးတွင် အသုံးပြုသည့် ကြိမ်လုံးကို အထက်အညာဒေသဖြစ်သည့် ကလေးဝ၊ မော်လိုက်ဒေသများမှ ထွက်ရှိသည့် ကြိမ်များကို ဝယ်ယူအသုံးပြုရကြောင်းသိရှိရသည်။ ကြိမ်တစ်ထုပ်ကို (၁၈၀၀၀- ၂၀၀၀၀) ကျပ်ဖြင့် ဝယ်ယူအသုံးပြုပြီး ကြိမ်တစ်ထုပ်ကို ကြက်မွှေးအတွက် အသုံးပြုရမည့် ကြိမ်ချောင်း (၂၀၀) ချောင်း ရရှိကြောင်းလည်း သိရှိရပါသည်။

         ကျွဲခိုတောကျေးရွာတွင် ကြက်မွှေးလုပ်ငန်းများကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ကျပ်(၅)သိန်းမှ (၁၀)သိန်းထိ ရင်းနှီးလုပ်ကိုင်ရကြောင်း၊ မိသားစုတစ်စုလျှင် (၄-၅) ယောက်လုပ်ကိုင်ပြီး တစ်ရက်လျှင် တစ်ဦးကို ကြက်မွှေးချောင်း(၂၀)ချောင်းခန့်ပြီးစီးကြောင်း ၊ ကြက်မွှေးတစ်ချောင်းလုပ်အားခအနေဖြင့် တစ်ချောင်းလျှင် (၃၀၀)ကျပ်ရရှိသည့်အတွက် တစ်ရက်လျှင် လုပ်အားခ (၆၀၀၀) ကျပ်ဝင်ငွေရရှိကြောင်းလေ့လာသိရှိရပါသည်။ထွက်ရှိလာသည့် ကြက်မွှေးများကို မုံရွာဈေးကွက်ရှိဆိုင်များနှင့် မန္တလေး၊ လားရှိုး၊ မူဆယ်၊မြိတ်နှင့်ထားဝယ်မြို့ကြီးများအထိပါ တင်ပို့ရောင်းချရကြောင်းသိရှိရပါသည်။

        ကျွဲခိုတောကျေးရွာ၏ ကြက်မွှေးလုပ်ငန်းမှာ တစ်ဖြေးဖြေးနှင့် ကျယ်ပြန့်လာပြီး လုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာသည်နှင့်အမျှ ဒေသခံများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခဲ့ကြောင်း ကြက်မွှေးလုပ်ငန်းများကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP)အသွင်ဖြင့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ လိုအပ်သောအရင်းအနှီးနှင့် ဈေးကွက်များ ချိတ်ဆက်ဖော်ဆောင်ပံ့ပိုးပေးနိုင်မည်ဆိုပါက ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိပါ ဈေးကွက်ဝေစုရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)