မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများကိုစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအနက်မှ ဆေးဖက်ဝင် ဟင်းချက်စားသုံးရသော ရုံးပတီသီးသီးနှံကို ယခင်က မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများ တွက်ခြေကိုက်၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး (ပင်မြင့်မျိုး) Finger One ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် မျိုးစေ့(၁၂)ထုပ်စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၅၀၀၀)ကျပ်ပေးရကြောင်း၊ တစ်ဧကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်၍ခူးဆွတ်ရပါသည်။ ထိုသို့ခူးဆွတ်မှသာ စားကောင်းသော အနေတော်ရုံးပတီသီးများရရှိမည်ဖြစ်ပါသည်။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရပါသည်။ ပူပြင်းသောရာသီဥတုတွင် အသီးရင့်မှည့်လွယ်သောကြောင့် တစ်ရက်တစ်ကြိမ် ခူးဆွတ်ရခြင်းဖြစ်ပါသည်။ သက်တမ်းအနေဖြင့် (၂)လထိခူးဆွတ်ရကြောင်း၊ ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀)ကျပ်ဈေးနှုန်းရရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် ဈေးနှုန်းအတက်အကျရှိကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၁၅၀၀)ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၅)သိန်းကျပ်ခန့်မြတ်ပြီး ပွဲစားများမှာ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီသီးသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စားသုံးသူအတွက် ဆေးဖက်ဝင်သည့်သီးနှံဖြစ်သည့်အတွက် ဟင်းစားရုံးပတီသီးသီးနှံအား တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)