တောင်သူများ၏ဘဝမြင့်မားရေး သီးနှံစုပေါင်းရောင်းချပွဲများ ကျင်းပဆောင်ရွက်လျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြင့်မြတ်တော်ဝင်မကွေးကုမ္ပဏီသည် တောင်သူများ၏ သီးနှံများ အရည်အသွေးကောင်းမွန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အရည်အသွေးကောင်းမွန် သော ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် တောင်သူအစုအဖွဲ့များနှင့် ပူးပေါင်း၍ သီးနှံ စုပေါင်းရောင်းချပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။ တောင်သူများအတွက် လိုအပ် သော အရည်အသွေးအာမခံချက်ရှိသည့် သွင်းအားစုဓါတ်မြေဩဇာများ လက်လှမ်းမီစွာ အသုံးပြု လာနိုင်စေရန်အတွက် သွင်းအားစုကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အတိုးနှုန်းသက်သာသည့် ဘဏ် ချေးငွေများရရှိစေရန်အတွက် ဘဏ်များနှင့်လည်းချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
မြင့်မြတ်တော်ဝင်-မကွေးကုမ္ပဏီကို ၂၀၁၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လယ်ယာထွက် ကုန်သီးနှံရောင်းဝယ်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်သည့် မကွေးအခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၅ခုနှစ်မှစ၍ အထူးသဖြင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော အရည်အသွေးကောင်း သီးနှံများကို တောင်သူအစုအဖွဲ့များနှင့် လက်တွဲကာ ကောင်းမွန်ခိုင်မာသော ဈေးကွက်ရရှိရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကုမ္ပဏီသည် လယ်ယာထွက်ကုန်သီးနှံများ ရောင်းဝယ်မှု ဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ မှန်ကန်မှု၊ သမာသမတ်ရှိမှု စသည့် စံနှုန်းများအတိုင်း တောင်သူ၊ ကျား၊ မ၊ ကြီး၊ ငယ် မခွဲခြားဘဲ တန်းတူတန်ဖိုးထားပြီး ဝန်ဆောင်မှု ပေးလျက်ရှိသည့်အပြင် ပြန်လည်ရောင်းချပြီးသော သီးနှံ၏ အရည်အသွေးများ တွင်လည်း စစ်မှန်မှု၊ ကောင်းမွန်မှု၊ တိကျမှု၊ အာမခံမှုတို့ဖြင့် ဝယ်ယူသူများအား အစဉ်အမြဲစိတ် ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့အပြင် အားလုံးအကျိုးခံစားခွင့်ရရှိနိုင်သော စီးပွားရေးပုံစံကိုကျင့်သုံးခြင်းဖြင့် ဆီထွက် သီးနှံနှင့် ပဲမျိုးစုံကဏ္ဍများတွင် ထိပ်တန်းကုမ္ပဏီဖြစ်လာရန် အနာဂတ်မျှော်မှန်းချက် ထားရှိပြီး တောင်သူ လယ်သမားများထံ စိုက်ပျိုးရေးနည်းပညာများနှင့် စီးပွားရေးဝန်ဆောင်မှုများ ရရှိနိုင်မှု သေချာစေခြင်းဖြင့် ပြည်တွင်းနှင့်ပြည်ပပို့ကုန်ဈေးကွက်တွင် အရည်အသွေးမြင့်ဆီထွက် သီးနှံနှင့် ပဲမျိုးစုံထုတ်လုပ်မှုများ ကိုမြှင့်တင်သွားရန် ရပ်တည်ချက်နှင့် လုပ်ငန်းတာဝန်များကိုလည်း ထားရှိကြောင်း သိရသည်။
ဝန်ဆောင်မှုများအနေဖြင့်လည်း တောင်သူအစုအဖွဲ့များ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ခိုင်မာ အားကောင်းလာစေရန် ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများပံ့ပိုးပေးခြင်း၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ တောင်သူအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မှန်ကန်သောရောင်းဝယ်မှုစနစ်များဖြင့် ရာသီ
အလိုက်သီးနှံစုပေါင်းရောင်းချပွဲများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တောင်သူအစုအဖွဲ့ များ၊ မိတ်ဖက်ကုမ္ပဏီများ၊ INGOs များ၊ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ သွင်းအားစုနှင့် ချေးငွေများ လက်လှမ်းမီစေရန် ပံ့ပိုးကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် တောင်သူ များ၏ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တောင်သူအစုအဖွဲ့များအား ကောင်းလာစေရန်နှင့် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် NGOs, INGOs များနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
GAP၏ အခြေခံသဘောတရားများမှာ စားသုံးသူများ အမြဲတမ်းစိုးရိမ်နေကြသည့် မိမိတို့စား သုံးနေသော အစားအစာများသည် ဘေးကင်းစေရန်ထုတ်လုပ်သည့်လုပ်ငန်းစဉ်နှင့် နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်နှင့်လုပ်သားများ၏ ကျန်းမာသာယာဝပြောရေးကို စောင့်ရှောက်မွေးမြူသည့် စနစ်များဖြင့် ထုတ်လုပ်ရန်နှင့် ဤဒေသ ဤအခြေအနေအတွင်းမှာပဲ မွေးဖွားဖြစ်တည်လာခြင်း၊ လုပ်ရမည့်လုပ်ငန်းစဉ်များကို အကောင်းဆုံးလုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အာမခံနိုင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ GMP & GHP တို့သည် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကုန်ချောပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းတို့အပြင် လူတွေရဲ့ ကျန်းမာရေးကိုဂရုစိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ လုပ်သားများ၏ အခြေအနေနှင့် ၎င်းတို့ မိသားစုဝင်များ၏ ကျန်းမာသာယာဝပြောရေးတို့နှင့် သက်ဆိုင်သော နည်းပညာရပ်ဆိုင်ရာ ထောက်ခံချက်များဖြစ်ပါသည်။
တောင်သူများဘက်မှလည်း သီးနှံအမျိုးအစားအလိုက် သီးနှံကုန်ပစ္စည်းပိုင်းများကို အရည် အသွေးကောင်းစေရန် ရိတ်သိမ်းပြီးနောက်ပိုင်း နည်းစနစ်များကို စနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ဓါတုဓါတ်ကြွင်းကင်းစေရန် ပိုးသတ်ဆေးများကို ဆေးဖြန်းပြီးနောက် သီးနှံရိတ်သိမ်းရမည့် ရက်များကို တိကျစွာလိုက်ရန်၊ သီးနှံအရည်အသွေးကောင်းစေရန် ကွင်းအတွင်းဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များကို လိုက်နာဆောင်ရွက်ရန်၊ ဖုန်သဲခဲ၊ အမှိုက်၊ အမှော်၊ အဖျင်း၊ အမှုန်၊ ပိုးကိုက်၊ အပဲ့၊ မျိုးကွဲ၊ အရောင်ကွဲ၊ အနံ့၊ အနာ၊ အအောက်များ ကင်းရှင်းစေရန် ဆောင်ရွက်၊ သတ်မှတ် အစိုဓါတ်ရာခိုင်နှုန်းအထိ ခြောက်သွေ့စေရန် အခြောက်ခံခြင်းများဆောင်ရွက်ရန်နှင့် ကွင်းမှတ်တမ်းများကို ပြည့်စုံစွာဖြည့်သွင်းခြင်းများ ဆောင်ရွက်လာရမည်ဖြစ်ပါသည်။ ထိုသို့တောင်သူများအနေ ဖြင့် အရည်အသွေးကောင်း သီးနှံများကို စုပေါင်းစိုက်ပျိုးထုတ်လုပ် ရောင်းချလာနိုင်ပါက ကောင်းမွန် ခိုင်မာသော ဈေးကွက်တစ်ခု ကိုဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
သီးနှံစုပေါင်းရောင်းချပွဲများမှ အလေးချိန်တွယ်(ကတ္တား) မှန်ကုန်စွာဖြင့် သီးနှံများကို ဝယ်ယူပေးခြင်း၊ ပွဲခ၊ အလုပ်သမားခ မယူခြင်း၊ အိတ်ခွံအလေးချိန်အား (၁၂.၅၀)ကျပ်သား ဖြင့် ဝယ်ယူပေးခြင်း၊ ငွေလက်ငင်းစနစ်ဖြင့် ပေးချေခြင်း၊ အရည်အသွေးပြည့်မီသော သီးနှံများ ထုတ်လုပ်လာနိုင်စေရန် ကွင်းဆင်း၍ နည်းပညာများဖြန့်ဝေပေးခြင်း၊ ပြည်ပပို့ကုန် လုပ်ငန်းရှင်များနှင့် တောင်သူများ တိုက်ရိုက်ရောင်းချနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဒေသပေါက်ဈေးအောက် မနိမ့်ကျသည့်ဈေးဖြင့် ဝယ်ယူပေးခြင်းစသည့်အကျိုးရလာဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြင့်မြတ်တော်ဝင်ကုမ္ပဏီအနေဖြင့် တောင်သူများအတွက် လိုအပ်သော သွင်းအားစုများ၊ ချေးငွေများရရှိအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ သီးနှံစုပေါင်းရောင်းချပွဲများကို ကျင်းပပြုလုပ်ပေးခြင်း၊ တောင်သူအစုအဖွဲ့များအားကောင်းလာစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းများဖြင့် တောင်သူများ၏ဘဝ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)