ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဈေးနှုန်းဈေးကွက်

Powered by Drupal

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့သည် စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ ဖြစ်ပြီး ပြည်တွင်းနေရာအနှံ့အပြားမှ ထွက်ရှိသော ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ဈေးကွက်သို့ ဝင်ရောက် လျက်ရှိပြီး ဝင်လာသမျှသီးနှံများကို ဒေသတွင်းသုံးစွဲမှုအပြင် ပိုလျှံမှုများအား ပြည်တွင်းဒေသ အနှံ့အပြားသို့ ပြန်လည်ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း၊ ယခုအချိန်တွင် ဆီထွက်သီးနှံမြေပဲ၊ နှမ်းအသစ်များ ပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသထွက် မြေပဲဆံအသစ်များလည်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဈေးကွက်သို့ မြေပဲအသစ်များ ဝင်ရောက်မှုများ၍ ဈေးနှုန်းတရိပ်ရိပ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြေပဲဆံနီ (လုံးဆံ)တစ်ပိဿာလျှင် ကျပ်(၈၃၀၀-၈၇၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၅၀၀)၊ မြေပဲဆံဖြူ(လုံးဆံ) တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၈၀၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၇၅၀၀)၊ စကာဝိုင်းကျ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၆၅၀၀-၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်လအတွင်း မြေပဲဆံ တစ်ပိဿာ လျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ပြီး မြေပဲတောင့်အခြောက် ဈေးကွက်အနေ ဖြင့်လည်း မြေပဲတောင့်သေး(S1) တစ်ပိဿာလျှင် မြေပဲအရည်အသွေးလိုက်၍ ကျပ်(၂၀၀၀-၄၄၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပခုက္ကူဈေးကွက်သို့ တစ်ရက်လျှင် မြေပဲတောင့်ပိဿာ (၆၀၀၀)၊ တစ်ပတ်အတွင်း မြေပဲတောင့်ပိဿာ (၅၀၀၀၀)၊ တစ်ရက်လျှင် မြေပဲဆံပိဿာ(၃၀)ဝင်အိတ် (၅၀၀- ၇၀၀) တစ်ပတ်အတွင်း အိတ်(၅၀၀၀)ခန့် ဝင်ရောက်ပြီး ကုန်ဝင်သလောက်အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
ယခုအချိန်တွင် စားသုံးသူများမှ ကျန်းမာရေးနှင့်ညီညွတ်သည့် ပြည်တွင်း သီးနှံထွက် စားသုံးဆီများကို ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ ဆီစက်လုပ်ငန်း ရှင်များမှ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ ဝယ်လိုအားများခြင်းအပြင် ပဲခွဲစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော် လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများကြောင်း၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ယခုအောက်တိုဘာ(ဒုတိယပတ်)တွင် မြေပဲတောင့်၊ မြေပဲဆံများကို ပြည်တွင်း၌သာ အရောင်းသွက်လျက်ရှိပြီး ပြည်ပအဝယ်နည်း၍ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)