မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)မှစ၍ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် သီးနှံအသစ်ပေါ်ချိန် မရောက်ရှိသေး၍ ကျွန်းစားတော်ပဲ (အဟောင်း)များကိုသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုးရာသီရောက်ချိန်နီး၍ စိုက်တောင်သူများမှလည်း မျိုးအဖြစ် ပြန်လည်ဝယ်ယူမှုများကြောင်း သိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသများနှင့် ရေနံချောင်းမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ ဝင်ရောက်ကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်း စားသုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ် (၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ရာ ယခုအောက်တိုဘာလ (ဒုတိယပတ်) တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ်(၅၀၀၀၀)ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်း၌ စားတော်ပဲလက်ကျန်နည်း၍ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ပတ် အတွင်း ပိဿာ(၃၀)ဝင်အိတ် (၁၅) မှ (၂၀)အိတ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းစားသုံးမှုအနေဖြင့် စားတော်သီးနှံကို နံနက်စောစာ စားတော်ပဲပြုတ် စားခြင်းအပြင် စားတော်ပဲလုံးကြော်များကို နေ့စဉ်စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံးစားသုံးသည့် သီးနှံတစ်မျိုး ဖြစ်သည်။ ပြည်တွင်းစိုက်ပျိုးမှုအနေဖြင့် စားတော်ပဲကို အခြားသီးနှံများကဲ့သို့ သီးထပ်စိုက်ပျိုးခြင်းမရှိ၍ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးခြင်းဖြစ်၍ သီးနှံထွက်ရှိမှုနည်းကြောင်း၊ ပြည်တွင်းပဲသုံးစွဲမှုများလျက်ရှိပြီး သုံးစွဲမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းလျက်ရှိ၍ စားတော်ပဲ ဈေးကွက်မြင့်မား၍ အရောင်းအဝယ်ဖြစ်လျက်ရှိခြင်းကြောင့် စိုက်တောင်သူများအနေဖြင့် ပြည်တွင်းသုံးစွဲမှု လိုအပ်လျက်ရှိပြီး ဈေးနှုန်းဈေးကွက် ကောင်းမွန်သည့် စားတော်ပဲစိုက်ခင်းများကို စိုက်ပျိုးရရှိသည့် မြေများတွင် နှစ်စဉ် မပြတ်တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
ပခုက္ကူဈေးကွက်တွင် ကျွန်းစားတော်ပဲသီးနှံများ ဈေးကောင်းရလျက်ရှိ
Powered by Drupal