ပြည်မြို့ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ကွင်းဆင်းလေ့လာ

Powered by Drupal

           မြန်မာလူမျိုးတို့နေ့စဉ်စားသုံးနေသည့် မုန့်ပဲသရေစာတွင် မုန့်ဟင်းခါးသည် အဓိကအစား အစာတစ်ခုအဖြစ် ပါဝင်ပါသည်။ ကျေးလက်၊ မြို့ပြမကျန် နံနက်ခင်းအစားအစာအဖြစ် စားသုံးကြသဖြင့် ယခုအခါတွင် မုန်ဟင်းခါးဖတ်လုပ်ငန်းသည် အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ်သို့ ရောက်ရှိ လာသည်ကို တွေ့ရှိရပါသည်။

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မုန်ဟင်းခါးဖတ်ပြုလုပ်သူ လုပ်ငန်းရှင်(၂၁)ဦးရှိပြီး လုပ်သားအရေအတွက်မှာ (၁၁၀)ဦးရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် (၇.၄.၂၀၂၂)နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဝင်းစတား မုန့်ဟင်းခါး စက်သို့သွားရောက်ပြီး ပိုင်ရှင်ဦးသောင်းတင်နှင့်တွေ့ဆုံ၍ မုန့်ဟင်းခါးဖတ်ပြုလုပ်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်ရန်အတွက် ဆန်(သို့မဟုတ်) ဆန်ကွဲကို ပြည်မြို့ရှိဆန်ပွဲရုံများမှ ဝယ်ယူရပါသည်။ ကုန်ကြမ်းဆန် တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် (၆)ပိဿာထွက်ရှိပါသည်။ မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် လုပ်သားအရေအတွက် (၅)ဦးရှိပြီး တစ်ဦးလျှင် တစ်ရက်လုပ်အားခငွေ (၅၀၀၀)ကျပ် ပေးချေရပါသည်။ တစ်ရက်လျှင် မုန်ဖတ်ထုတ်လုပ်နိုင်မှုမှာ ၁၅၀/၂၀၀ ပိဿာထိထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် ၁၅၀၀၀၀ကျပ်ခန့် ကုန်ကျသည်ဟုသိရပါသည်။ ထွက်ရှိလာသောမုန့်ဟင်းခါးဖတ်များကို ပြည်မြို့ ပေါ်ရှိ စည်ပင်သာယာဈေးများနှင့် မုန့်ဟင်းခါးဆိုင်များသို့ တစ်ပိဿာလျှင် ၉၀၀ ကျပ်ဖြင့် ရောင်းချပြီး မုန့်ဖတ်တစ်ပိဿာလျှင် အသားတင်အကျိုးအမြတ်ရရှိမှုမှာ ၂၅၀ကျပ်ခန့် ရရှိသဖြင့် တစ်ရက်လျှင် လုပ်ငန်းအကျိုးအမြတ်အနေဖြင့် ၃၀၀၀၀ကျပ်ခန့်ရရှိ၍ ထုတ်လုပ်သူအဖို့ တွက်ချေကိုက်သည့် လုပ်ငန်းဖြစ်သည်ဟု သိရှိရပါသည်။

      မုန့်ဟင်းခါးဖတ်ကို ယခင်ကမိရိုးဖလာပြုလုပ်ကြရာမှ အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး အရင်းအနှီးများများဖြင့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်သမားများများဖြင့် လုပ်ငန်းများ တိုးတက်ထုတ်လုပ်လာနိုင်လျှင် ပတ်ဝန်းကျင်ရှိလူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)