မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာများ၌ နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ပေါက်တောကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ဧက ၃၈ဧကခန့်စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဩဂုတ်၌ မိုးနှမ်းစိုက်ခင်းများတွင် နှမ်းရိတ်သိမ်းပြီး ပဲတီစိမ်းသီးနှံကို စတင်စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလလယ်တွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးစေ့အနေဖြင့် ပဲတီစိမ်း(သက်နု)မျိုးကိုစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၉)ပြည်ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စိုက်ပျိုးကုန်ကျစရိတ် ငွေကျပ်၅၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၃-၁၆ တင်းခန့်ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်၅၅၀၀၀၀ကျော်ရရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၆၂၀၀၀-၆၇၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် သီးနှံအထွက်နှုန်းလျော့နည်းသော်လည်း ပဲစဉ်းငုံသီးနှံခြားတွင် သီးညှပ်အဖြစ်စိုက်ပျိုးကြသည့်အတွက် သုံးသီးစားဖြစ်၍ တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)