ပဲပင်ပေါက်ဆိုသည်နှင့် ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်ကို စီးပွားဖြစ်ဖောက်ကြသလို တစ်ပိုင်တစ်နိုင် အိမ်တွင်းတွင် ကိုယ်တိုင်ဖောက်၍ ရောင်းချသူများလည်းရှိကြသည်။ ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးသုံးကြကြောင်း သိရှိရသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲ၊ ဇကာ သို့မဟုတ် ခြင်းတောင်းနှင့် သဲ (သို့မဟုတ်) ပြာတို့သာလိုအပ်သောကြောင့် ကုန်ကျစရိတ်နည်းပါး၍ အမြတ်အစွန်းများသော အစားအစာတစ်ခုဖြစ်ပေသည်။ ၂၀၂၄ခုနှစ် သြဂုတ်လတတိယအပတ်တွင် ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်းတစ်ပြည်လျှင် ဈေးနှုန်းအနေဖြင့် (၄၇၀၀-၅၀၀၀)ကျပ်ကြားဝယ်ယူရပြီး ပဲတီစိမ်းတစ်ပြည်ဖောက်ရာတွင် ပဲပင်ပေါက် ၃ပိဿာ ရရှိပြီး ပဲပင်ပေါက် ၁ပိဿာကို ၄၅၀၀ကျပ် ရရှိသောကြောင့် ပဲတီစိမ်းတစ်ပြည်ကို ပဲပင်ပေါက်ဖောက်ရာတွင် အမြတ်အစွန်းအနေဖြင့် ၈၅၀၀ ကျပ် အမြတ်အစွန်းရရှိသောကြောင့် အိမ်ထောင်ရှင်မများအနေဖြင့် လုပ်ရလွယ်ကူပြီး ရက်တိုတိုနှင့် အမြတ်အစွန်းရသောပဲပင်ပေါက်ကို တစ်ပိုင်တစ်နိုင်ဖောက်၍လည်း ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)