ပြည်ဈေးကွက်တွင် ပန်းမျိုးစုံဈေးများမြင့်တက်လာ

Powered by Drupal

လူအများသည် ဘုရားပန်းကပ်လှူရာတွင်လည်းကောင်း၊ ပန်းအလှဆင်ရာတွင်လည်းကောင်း ပန်းများကိုအသုံးပြုကြပါသည်။ သို့သော်လည်း ယခုအချိန်တွင် ပန်းမျိုးစုံဈေးများ သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်တွင် ရောင်းချခဲ့သောပန်းဈေးများမှာ ဂန္ဓမာပန်း(အဖြူ)အပွင့်ကြီး (၁၀)ပွင့်ပါတစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ယခုနှစ်တွင် (၁၀)ပွင့်ပါတစ်စည်းလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် တစ်စည်းလျှင် (၂၀၀၀)ကျပ်ခန့်ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုအတူ သစ္စာပန်းမှာလည်း (၅)တံပါတစ်စည်းလျှင် ယခင်နှစ်တွင် (၁၀၀၀)ကျပ်၊ ယခုနှစ်တွင် (၂၀၀၀)ကျပ်ဖြင့် တစ်စည်းလျှင် (၁၀၀၀)ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ ပန်းတိမ်မနိုင်ပန်း (၁၀)တံပါတစ်စည်းလျှင် ယခင်နှစ်တွင် (၁၅၀၀)ကျပ်၊ ယခုနှစ်တွင် (၂၅၀၀)ကျပ်ဖြင့် တစ်စည်းလျှင် (၁၀၀၀)ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ သပြေပန်းတုံးဈေးများမှာလည်း ယခင်နှစ်တွင် အတုံးအသေးတစ်တုံးလျှင် (၁၀၀၀)ကျပ်၊ အကြီးတစ်တုံးလျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင် အတုံးအကြီး/ အသေးပေါ်မူတည်၍ တစ်တုံးလျှင် အမြင့်ဆုံး(၇၀၀၀)ကျပ်မှ အနိမ့်ဆုံး(၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ထို့အတူ အခြားပန်းမျိုးစုံဈေးများလည်း ယခုနှစ်တွင် ဈေးနှုန်းများမြင့်တက် လာခဲ့သဖြင့် ဘုရားပန်းအိုးတစ်ခါထိုးလျှင် အနည်းဆုံး ငွေကျပ် (၅၀၀၀)ကုန်မှ အနည်းငယ်တင့်တယ်မှုရှိသည်ဟု အိမ်ရှင်မတစ်ဦးထံမှသိရပါသည်။
ထိုသို့ပန်းမျိုးစုံဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ပန်းစိုက်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ ပန်းများမှာ ယခုနှစ်တွင်မိုးများ၍ အထွက်နှုန်းနည်းခြင်း၊ ပန်းများစိုက်ပျိုးချိန်တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ခြင်းတို့ကြောင့် ယခုကဲ့သို့ ပန်းမျိုးစုံဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟုသိရပါသည်။
DOCA(ပဲခူး)