မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။
ယခုအခါ နှမ်းများဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ အောက်တိုဘာလစတုတ္ထပတ်တွင် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၂၂၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများသည် ယခင်ဒုတိယပတ်ထက် နှမ်းနက်(စမုံ)တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ၂၄၀၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)