မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ငွေလေး၊ ကွင်း၊ ဖန်ခါးပင်၊ စစ်တလင်း စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံ စိုက်ဧက ၂၅၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဩဂုတ်လကုန်-စက်တင်ဘာဆန်းလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ပဲတီစိမ်း(ကျောက်စိမ်း)ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၉) ပြည်ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စိုက်ပျိုးကုန်ကျစရိတ် ငွေကျပ် ၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပဲတီစိမ်းသီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၅၅၀၀၀-၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀-၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)