ပေါက်မြို့နယ်၌ ပဲစဉ်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ စီးပွားဖြစ်လုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံကို သီးသန့်သီးညှပ်အပြင် သီးထပ်အဖြစ်လည်းစိုက်ပျိုးကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးမှုမှ ပြည်တွင်းဈေးကွက်ဝင် ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံသီးနှံကိုလည်း ရေမြေရာသီဥတုနှင့် ကိုက်ညီ၍ စိုက်ဧကများစွာစိုက်ပျိုးကြောင်း၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် စိုက်ဧက (၇၀၀၀)ခန့် စိုက်ပျိုးပြီး ယခုနှစ်တွင် သီးနှံပေါ်ချိန်မှ ကုန်ဆုံးချိန်အထိ ဒေသတွင်းအရောင်းအဝယ်ဖြစ်မှုအပြင် ပြည်ပဝယ်လိုအားဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိခြင်းကြောင့် စိုက်ဧက(၈၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရသည်။

             ပေါက်မြို့နယ်အတွင်းရှိ မြောက်ဘက်၊ ရှားတောအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပဲစဉ်းငုံသီးနှံစိုက်ဧက(၁၀၀၀)ခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးအနေဖြင့် အဝါ၊ အနီ အလုံးကြီးသက်ကြီးမျိုးကိုစိုက်ပျိုးကြောင်း၊ နွားရှဉ်းဖြင့်ထွန်ချောင်းဆွဲ၍ အစေ့ချစိုက်ပျိုးပြီး ပင်ကြား ၂ ပေ၊ တန်းကြား ၄ ပေအကွာ စိုက်ပျိုးကြောင်း၊ ပဲစဉ်းငုံတစ်တန်းနှင့်တစ်တန်းကြားတွင် ပဲတီစိမ်း၊ မြေပဲ၊ ပဲလွန်း၊ နှမ်း၊ နေကြာသီးနှံများ သီးညှပ်အဖြစ်စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ် သွင်းအားစု၊ လုပ်သားခ အပါအဝင် ကျပ်(၃)သိန်း ခန့်ကုန်ကျကြောင်း သိရှိရသည်။

           စိုက်ပျိုးမှုအနေဖြင့် မိုးဦးရာသီ ဇွန်လတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံထွက်ပေါ်မည်ဖြစ်ကြောင်း၊ တစ်ဧကတွင် အထွက်တင်း(၉-၁၀)တင်းခန့် ထွက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်း သွင်းအားစု သုံးစွဲပုံနှင့် စိုက်ပျိုးမြေမတူညီ၍ အထွက်တင်းကွာခြားကြောင်း၊ ယခင်နှစ်သီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်၌ တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၅၀၀၀၀)ဈေးအမြင့်ဖြင့် ရောင်းချရ၍ တစ်ဧက ငွေကျပ်(၁၂)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုအောက်တိုဘာ(ဒုတိယပတ်) သီးနှံဈေးကွက်တွင် တစ်တင်းလျှင် ငွေကျပ်(၁၄၃၀၀၀)ဈေးဖြင့် သီးနှံအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသည့်သီးနှံများကို ပခုက္ကူမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှ တစ်ဆင့် ပြည်ပ အိန္ဒိယ၊ တရုတ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ယခုအချိန်တွင် စိုက်ပင်များအပွင့် အသီးလိုက်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်းကောင်းမွန်ပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိပါက တောင်သူအဆင်ပြေမည်ဖြစ်ကြောင်း မြောက်ဘက်ကျေးရွာရှိ ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရသည်။

             ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ကောင်းမွန်ခြင်းနှင့် စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုနည်း၍ အလွယ်တကူရရှိပြီး အကျိုးအမြတ်ရရှိခြင်းကြောင့် နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)