မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်ဖြူနှင့် အာလူးသီးနှံကို ရေမြေရာသီဥတုနှင့်မကိုက်ညီ၍ စိုက်ပျိုးမှုမရှိခြင်းကြောင့် စားသုံးမှုလိုအပ်ချက်အရ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူသီးနှံကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် ယောနယ်ဒေသ၊ ဆော၊ ပေါက်၊ ကျောက်ထုမြို့များမှ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အောက်တိုဘာ(ဒုတိယပတ်)တွင် ကြက်သွန်ဖြူ အမျိုးအစား၊ အရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ ဗမာကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ ရှမ်းပြည်ကြူကုတ်တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၁၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းကျဆင်းခြင်းမရှိ ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။
အာလူးသီးနှံများကိုလည်း ဆိပ်ဖြူဈေးကွက်သို့ ပေါက်၊ ဆင်ဖြူကျွန်းဒေသထွက် အာလူးများနှင့် ရှမ်းပြည်အောင်ပန်းထွက် အာလူးများ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အာလူးသီးနှံများ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း နယ်မြေအခြေအနေနှင့် ကုန်ကျစရိတ်ကြီးမြင့်ခြင်းအပြင် ဈေးကွက်သို့ သီးနှံဝင်ရောက်မှုနည်းပြီး ဝယ်ယူသုံးစွဲမှုများခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)