ခရမ်းမြို့နယ်တွင်း စားဖားမွေးမြူခြင်းလုပ်ငန်း

Powered by Drupal

       ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာတွင် စားဖားအကောင်ဖောက်ရောင်းချခြင်းနှင့် မွေးမြူခြင်းလုပ်ငန်းများရှိပြီး ကမာမတ်ကျေးရွာမှ စားဖားသားပေါက်များအား ခရမ်းမြို့နယ်ကျေးရွာများဖြစ်သော ကျုံးကျုံးကျ၊ ကမာကလူ၊ ပေါက်ပင်၊ ကြူတော၊ ကမာစိန်ကျေးရွာများမှ ဝယ်ယူမွေးမြူခြင်းဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူကြပါသည်။

      ကမာမတ်ကျေးရွာတွင်နေထိုင်သော ဦးနန်းဝေသည် စားဖားမွေးမြူခြင်းလုပ်ငန်းအား ၂၀၀၇ခုနှစ်မှစတင်၍မွေးမြူခဲ့ရာ မုဒုံမြို့နယ်မှစားဖားပေါက်များအား (၁)ကောင်လျှင် (၃၅၀)ကျပ်ဖြင့် ဖားအကောင်ရေ (၁၀၀၀)ဝယ်ယူခဲ့ရာ ကမာမတ်ကျေးရွာရောက်ရှိချိန်တွင် ဖားများမှခရီးဝေး၍ အများအားဖြင့် သေကုန်ပြီး အနည်းငယ်သာကျန်ရှိသော ဖားများအား မွေးမြူ၍ သားဖောက်ခြင်း၊ မွေးမြူခြင်းများလုပ်ကိုင်လျက်ရှိပါသည်။ စားဖားအမျိုးအစား(၂)မျိုးရှိရာတွင် ထိုင်းမျိုးနှင့် ကွင်းဖား(ဒေသဖား)ဟူ၍ရှိပြီး ထိုင်းမျိုးမှာ အဝါဖျော့ရောင်ရှိပြီး ကွင်းမျိုးဒေသဖားမှာ အမဲရောင်ရှိ၍ လူကြိုက်နည်းကြောင်းသိရပြီး အများအားဖြင့် ထိုင်းမျိုးများသာ အမွေးများကြောင်းနှင့် သားပေါက်ဝယ်ယူမွေးမြူရာတွင် ရက်(၄၀)မှစတင်၍ မွေးမြူကြပြီး သားပေါက်(၁)ကောင်လျှင် (၂၅၀-၃၀၀)ကျပ်ဈေးရှိပြီး ဖားသားပေါက် ရက်(၄၀)သားမှစတင်၍မွေးမြူခဲ့ရာ သက်တမ်းကာလ ရက်ပေါင်း(၁၀၀)၊ (၃)လခွဲအချိန်လောက်တွင် (၁)တစ်ကောင်လျှင် (၁၃)ကျပ်သားမှ (၁၅)ကျပ်သားထိအချိန်ရှိလာလျှင် ထုတ်ရောင်း၍ရပြီး စားဖား(၁)ပိဿာလျှင် လက်ရှိပေါက်ဈေး (၁၂၀၀၀မှ ၁၄၀၀၀)ကျပ်ထိရှိကြောင်း၊ စားဖားများအား ရန်ကုန်ကြည်မြင်တိုင်ငါးဈေး၊ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးများတွင်ရောင်းချခြင်း၊ ပွဲစားများဖြင့် ရောင်းချခြင်းများရှိပါသည်။

            ဖားသားဖောက်ရာတွင် ဖားမ(၅)ကောင်လျှင် သားပေါက် (၅၀၀၀မှ ၁၀၀၀၀)ထိသာပေါက်နိုင်ပြီး သားပေါက်များ အမှီးပြတ်ချိန်တွင် တစ်ကောင်နှင့်တစ်ကောင်ကိုက်၍သေခြင်းများရှိ၍ ကောင်ရေ (၃၀၀၀)ခန့်သာကျန်ရှိတတ်ပြီး ဖားထီးနှင့်ဖားမများအားလည်းဆေးထိုး၍ အကောင်ဖောက်ခြင်းမျိုးဖားမ(၁)ကောင်အား တစ်နှစ်လျှင် (၁)ကြိမ်၊ (၂)နှစ်သား ဖောက်နိုင်ကြောင်းသိရပါသည်။

          စားဖားမွေးမြူရာတွင် (၁)နှစ်လျှင် (၄)ကြိမ်မွေးမြူနိုင်ပြီး အကောင်ရေ (၁၀၀၀)လျှင် မိသားစုလုပ်အားခမပါ၊ ခြံဖိုး၊ အစာဖိုးချန်ပြီး (၅)သိန်းခန့်အမြတ်ရရှိနိုင်ကြောင်းသိရပါသည်။

         စားဖားများအစာကျွေးရာတွင် (ငါး)စာဖြစ်သော ALLER AQUA၊ ဒီဟိုက်တံဆိပ်ပါ အစာအိတ် 25kg/ 30kg အိတ်များကျွေးရပြီး ဖားအကောင်(၁၀၀၀)အား အစာ 25kg၊ (၁)လလျှင် (၃)အိတ်နှုန်းကုန်ကျပြီး 25kg (၁)အိတ်လျှင် (၉၅၀၀၀/-) ဈေးဖြင့်ဝယ်ယူရပါသည်။

          စားဖားအကောင်(၁၀၀၀)မွေးမြူရန် ခြံဆောက်ခအနေဖြင့် တာပေါ်လင်၊ အမိုးဇာပိုက်၊ ဝါးဝယ်ယူကုန်ကျစရိတ်နှင့် ခြံဖိုးစုစုပေါင်း (၂၃၀၀၀၀)ကျပ်ခန့်ကုန်ကျ၍ ခြံမပျက်စီးမချင်း ဖားထည့်၍ မွေးမြူရပါသည်။

         ယခင်နှစ်များတွင် ဖားဈေးကောင်းရသော်လည်း ယခုနှစ်တွင် ဖားဝယ်ယူမှုလျော့နည်းလာခြင်း၊ အစာဈေးများမြင့်တက်လာခြင်းများကြောင့် ဖားမွေးမြူသူများမှာ ယခင်နှစ်များထက် လျော့နည်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)