သီးနှံပေါ်ချိန် ဈေးကောင်းရသည့် မြောင်ပဲကြီးသီးနှံ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်နှစ်စီးကြားတွင် တည်ရှိပြီး မြို့နယ်၏ သုံးပုံတစ်ပုံမှာ မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသောမြို့တစ်မြို့  ဖြစ်ပါသည်။ မြို့နယ်၏ ဆောင်းသီးနှံ စိုက်ဧက (၁) သိန်းကျော်ရှိပြီး ပဲကြီးစိုက်ဧကမှာ (၁) ထောင် ကျော်ရှိပါသည်။

          ပဲကြီးသီးနှံ စိုက်ပျိုးရာတွင် မြစ်ရေကျချိန် အောက်တိုဘာလအတွင်းတွင် အများဆုံး စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် သီးနှံများ စတင်ထွက်ရှိပါသည်။ ပဲကြီးသီးနှံအနေဖြင့် အခြားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ပိုးအလွန်ကြိုက်သောကြောင့် စိုက်ပျိုးပြီးအပင် (၁၅) ရက်သားမှ စတင်၍ မိမိစိုက်ခင်း ပိုးကျရောက်မှုကို လေ့လာ၍ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေးများကို (၁၀/၁၅) ရက်တစ်ကြိမ် အပတ်စဉ် ဆေးဖျန်းပေးရပါသည်။

          ပိုးမွှားများသည် မျိုးပွားခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လရောင်ကိုအမှီပြု၍ မျိုးပွားခြင်း အကောင်းဆုံးအချိန်ဖြစ်သည့်အတွက် ပိုးသတ်ဆေးဖျန်းရာတွင် လပြည့်မရောက်မီရှေ့ ၇ ရက်အတွင်းနှင့် လပြည့်ပြီးနောက်( လပြည့်ကျော်) ၇ ရက်အတွင်း ဆေးပက်ဖျန်းပါက ပို၍ထိရောက်စေကြောင်း သိရှိရပါသည်။ ပဲကြီးပန်းပွင့်ချိန်မှစ၍ အသီးအပွင့်အားတိုးဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ခူးဆွတ်ချိန်အထိ အပတ်စဉ်တစ်ဧကလျှင် ၅ ကြိမ် မှ ၇ ကြိမ် အထိ ဆေးပက်ဖျန်းခြင်းအလုပ်ကို ဆောင်ရွက်ရပါသည်။  

          ပဲကြီးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် (၂၆၀၀၀ဝိ/-) ခန့် ရှိပြီး၊ တစ်ဧကလျှင် ပျမ်းမျှ ၁၀ တင်းခန့် ထွက်ရှိရာ သီးနှံစတင်ထွက်ရှိချိန်တွင် တစ်တင်းဈေးနှုန်းမှာ ၇၅၀၀ဝိ/- ရှိပြီး၊ ယခုလက်ရှိ ဈေးနှုန်းမှာတစ်တင်းလျှင် ၅၂၀၀ဝိ/- ဖြင့် ရောင်းချရပြီး တစ်ဧကဝင်ငွေ ၅၂၀၀၀ဝိ/- ရရှိ၍ အသားတင်အကျိုးအမြတ်သည် ကုန်ကျစရိတ်ထက်  ထက်ဝက်အကျိုးအမြတ် ရရှိကြောင်း၊ ထွက်ရှိသည့် ပဲကြီးသီးနှံများကို မြို့နယ်အတွင်းနှင့် မုံရွာမြို့၊ မန္တလေးမြို့များရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပဲကြီးစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)