စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ လိုက်နာဆောင်ရွက်နိုင်မှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်ခြင်းများ၊ စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ (၂၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန ပူးပေါင်းအဖွဲ့များနှင့်အတူ မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်းအပြင်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းတွင် အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးထုတ်ပြန်ခဲ့သည့် အဖွားလက်ရာအမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများမှာ ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့်စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များသည် တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါ ကွဲလွဲမှုကြောင့် စားသုံးသူများနားလည်မှုလွဲမှားစေနိုင်သည့်အတွက် အဆိုပါကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများကွဲလွဲမှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ အဖွားလက်ရာ အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ အခြားအမှတ်တံဆိပ်ဖြစ်သည့် A1 ၊ Golden ၊ Hi-Q စသည့်ငါးသေတ္တာဗူးများကိုသာ ရောင်းချမှုရှိကြောင်းနှင့် ၎င်းအမှတ်တံဆိပ်များသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ကုန်ပစ္စည်း ရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ဥပဒေများနှင့် အညီထုတ်လုပ်ထားသော ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ရောင်းချရန်၊ သက်တမ်းလွန် ကုန်ပစ္စည်းများရောင်းချမှုမပြုရန်၊ ဥပဒေပါပြဌာန်းချက်များ၊ ညွှန်ကြားချက် များကိုလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ အသိပညာပေးကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
DOCA(မန္တလေး)