အထက်မင်းလှမြို့နယ်၌ ဝါသီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ) ကျေးရွာသည် ကုလားပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ဝါသီးနှံ(၈၀)ဧကကို တောင်သူ(၇၀)ဦးမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်) တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ တောင်သူ ဦးသန်းဇော်ဌေးက ၎င်းအနေဖြင့် ဝါသီးနှံ(၆)ဧကခန့် စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ၆၆၆မျိုး၊ ရွှေတောင်-၈မျိုးကို အထက်မင်းလှမြို့ရှိ စိုက်ပျိုးရေး ဆေးဆိုင်များမှ (၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)ဖြင့် ဝယ်ယူကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်း ဆွဲပြီး မျိုးစေ့ကိုလက်ဖြင့်ဖြူးချစနစ်ဖြင့် စိုက်ပျိုးကာ (၁)ဧကလျှင် မျိုး(၇)ပိဿာခန့်ကုန်ကျကြောင်း၊ (၃)လအကြာတွင် ခူးဆွတ်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က မိုးများ၍ ဝါအထွက်နှုန်းလျော့ကျခဲ့ပြီး (၁)ဧကလျှင် ပိဿာချိန်(၅၀၀-၆၀၀)ကြားထွက်ရှိကာ (၁)ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)ဈေးရရှိခဲ့ ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၂၀၀-၃၅၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများမှတဆင့် မန္တလေးတိုင်းဒေသကြီးသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်မူ ရာသီဥတုကောင်းမွန်၍ ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)