ပခုက္ကူမြို့တွင် အနံလွန်ချည်ထည်စောင်များကို တွင်ကျယ်စွာရက်လုပ်လျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယခင်က ချည်ထည်ရက်ကန်းများကို တွင်ကျယ်စွာရက်လုပ်လာခဲ့ပြီး ယခုအခါတွင် လက်ရက်ကန်းမှ စက်ရက်ကန်းသို့ ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ “ကျား”ဝတ်လုံချည်အမျိုးမျိုး၊ “မ”ဝတ်လုံချည်အမျိုးမျိုး၊ လက်သုတ်ပုဝါ၊ စားပွဲခင်း၊ မျက်နှာသုတ်ပုဝါ၊ ဝါဒစောင်များ၊ ချင်းပုလဲစောင်နှင့် အနံလွန်ခေါက်ချိုးစောင်အမျိုးမျိုးကို အဓိကရက်လုပ်ကြောင်း၊ ယခုခေတ်တွင် စက်ရက်ကန်းများကို အသုံးပြုလာကြပြီး အချိန်ကုန်သက်သာသည့်အပြင် လျှပ်စစ်မီးမှန်လျှင်လည်း အထည်ရေများစွာထွက်ရှိကြောင်းသိရှိပါသည်။
အနံလွန်ခေါက်ချိုးစောင်များရက်လုပ်ရာတွင် အသုံးပြုသောချည်အမျိုးအစားများမှာ အတိုင်ခွန်ချည်နှင့် ၁၀ချည်များကိုအသုံးပြုကြကြောင်း၊ ချည်တစ်ထုပ်လျှင် (၁၈)လိမ်ပါဝင်ပြီး တစ်လိမ်လျှင် (၂)ခင်ပါဝင်ပြီး ဖောက်ချည်အနေဖြင့် ခွန်ချည်များကိုသာအသုံးပြုကြကြောင်း၊ ရက်ကန်းတစ်တန်းလျှင် တိုင်ချည်(၁၄)ထုပ်အသုံးပြုကြပြီး ဖောက်ချည်အနေဖြင့် ချည်ထုပ်(၅) ထုပ်သာ အသုံးပြုကြကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ ဖောက်ချည်တစ်ထုပ်တွင် အလိမ်(၂၀)ပါဝင်ပြီး တစ်လိမ်လျှင် (၃)ခင်ပါဝင်ကြောင်း၊ ရက်ကန်းတစ်တန်းတွင် ခွန်ချည်တစ်ထုပ်လျှင် ကျပ်(၄၆၀၀၀)၊ (၁၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၈၀၀၀)ဖြစ်ပြီး ချည်ဆေးဆိုးခမှာ ချည်အရောင်များအပေါ်မူတည်၍ တစ်ထုပ်လျှင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀)၊ ချည်စနှင်းခမှာ တစ်ထုပ်လျှင် ကျပ်(၃၅၀၀)ဖြစ်ပြီး ချည်ချခမှာ အတွဲ(၁၀)တွဲလျှင် ကျပ် (၄၅၀၀)၊ ရက်ဖောက်ယောက်ခမှာ တစ်တွဲလျှင် ကျပ်(၂၀၀၀)၊ ရက်ကန်းလုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၂၀၀၀)ပေးရကြောင်း၊ ရက်ကန်းတစ်စင်အထွက်နှုန်းမှာ အနည်းဆုံးအထည်ရေ (၅၆ မှ ၅၈)ထည်ထိထွက်ရှိကြောင်း၊ ရက်ကန်းတစ်စင်ကုန်ကျစရိတ်မှာ ကျပ်(၁၃၀၀၀၀၀)ခန့်ကုန်ကျ‌ကြောင်း၊ ရက်ကန်းတစ်တန်းလျှင် အမြတ်အစွန်းအနေဖြင့် ကျပ်(၁၅၀၀၀၀- ၂၀၀၀၀၀)ခန့်ကျန်ရှိကြောင်း၊ ယခုအခါတွင် လက်ရက်ကန်းမှ စက်ရက်သို့ တဖြည်းဖြည်းကူးပြောင်းလာကြကြောင်း ရက်ကန်လုပ်ငန်းရှင်ထံမှသိရသည်။
အနံလွန်ခေါက်ချိုးစောင်တစ်ထည်၏ ဈေးနှုန်းမှာ ကျပ်(၂၆၀၀၀ မှ ၃၀၀၀၀)ဖြစ်ပြီး ထွက်ရှိလာသောအထည်များကို မိမိတို့ဒေသတွင်းသာမက အခြားဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦးမှ (Hotel)လုပ်ငန်းရှင်မှားကလည်း ဝယ်ယူအသုံးပြုကြကြောင်း ရက်ကန်းလုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(မကွေး)