မြန်မာနိုင်ငံတစ်ဝှမ်းထင်ပေါ်ကျော်ကြားသော လက်မှု့လုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင်နာမည်ကျော်ကြား၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်၊၊
ပုသိမ်ထီးကို အစပထမတွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျင်စကိုတည်ရေများသုတ်လိမ်းပြီး ဆီစိမ်ကာ ရေစိုခံအောင်ပြုလုပ်သုံးစွဲခဲ့ပြီး ပြည်တွင်းမှထွက်ရှိသော ပိတ်ရောင်စုံ၊ တက်ထရွန်ရောင်စုံဖြင့်ထုတ်လုပ်၍ နိုင်ငံခြားငွေဖြင့်ဝယ်ယူရသော ကုန်ကြမ်းပစ္စည်းများမပါဘဲ ဒေသထွက်ကုန်ကြမ်းများဖြစ်သော မအူသစ်၊ ထီးရိုးဝါး၊ သရကူဝါး ၊ မြန်မာပိတ်စများဒေသတွင်းထွက်ရှိသည့် သုတ်ဆေး၊ ဆိုးဆေးများဖြင့် အသုံးပြုကာ ထီးရွက်ပေါ်တွင် ကနုတ်ပန်းချီရေးဆွဲခြင်း၊ ရှုခင်းပုံများရေးဆွဲခြင်း၊ ရှေးခေတ်ပန်းချီလက်ရာများ ရေးဆွဲခြင်းများ၊ ဆေးဆိုးခြင်းများပြုလုပ်၍ ထီးရွက်ကိုအလှဆင်ထားသည့်အတွက် မြန်မာ့လက်မှုအနုပညာကို ဖော်ထုတ်နိုင်သည့် ရိုးရာလုပ်ငန်းတစ်ခုအဖြစ် ထင်ရှားကျော်ကြား လျက်ရှိပါသည်၊၊
ယခုပွင့်လင်းရာသီပုသိမ်ထီးဈေးကွက်တွင် တန်ဆောင်တိုင်ကထိန်အလှူရာသီအတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မြဝတီနှင့်တိုင်းအတွင်းရှိ မြို့နယ်များတွင် အလှဆောင်းထီး ၁၀ လက်မခွဲ ကျပ် ၁၀၀၀၀၊ ၁၄လက်မထီး ကျပ် ၁၂၀၀၀၊ ၁၅လက်မထီး ကျပ် ၁၅၀၀၀ ဈေးဖြင့် ပြည်တွင်းဈေးကွက်သုံးစွဲရန်အမှာစာဖြင့်လည်းကောင်း လူကိုယ်တိုင်သော်လည်းကောင်း လာရောက်ဝယ်ယူလျက်ရှိပြီး ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဟိုတယ်အလှဆင်ရန်နှင့် ကမ်းခြေသုံးထီး ၂'၊ ၃'၊ ၄' ဆိုဒ်ထီးများကိုလည်း ပြုလုပ်လျက်ရှိပြီး ရန်ကုန်မှတစ်ဆင့်ပြည်ပနိုင်ငံများသို့တင်ပို့ရန် လာရောက်ချိတ်ဆက်မှုများရှိကြောင်း ပုသိမ်မြို့ ဘန့်ဘူးဟောက် ( BAMBOO HOUSE Traditional Umberlla Work Shop)ထီးလုပ်ငန်းရှင်ထံမှသိရှိရပါသည်၊၊
DOCA(ဧရာဝတီ)