သင်္ကြန်ပြီးစအချိန်ဖြစ်၍ ပြည်စျေးကွက်သို့ နှမ်းသီးနှံများ ဝင်ရောက်မှုမရှိဘဲ လက်ကျန်လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ နှမ်းနီကို မြို့တွင်း ဆီစက်များက အဝယ်ရှိပြီး နှမ်းနက်နှင့် စမုံနက် နှမ်းကို မန္တလေးဝယ်လက်များက အဝယ်ရှိသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းသီးနှံမှာ အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိသလို စျေးနှုန်းမှာလည်း သင်္ကြန်မတိုင်မီ စျေးအတိုင်း ငြိမ်နေသည်ဟု သိရပါသည်။ နှမ်းစျေးများမှာ ယခင်စျေးအတိုင်း နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်စျေးဖြင့် တစ်နေ့လျှင် အိတ် ၃၀၀/၄၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
နှမ်းသီးနှံနည်းတူ အာလူးသည်လည်း စျေးငြိမ်လျက်ရှိပါသည် ။ ရှမ်းပြည်နယ်အောင်ပန်းမှ ရှမ်းအာလူးနှင့် မန္တလေးမှ တရုတ်အာလူးများ ပြည်စျေးကွက်သို့ ရက်ခြားအဝင်ရှိပြီး တစ်ပတ်လျှင် အိတ် ၁၅၀မှ ၃၀၀ အတွင်း အဝင်ရှိသည့်အတွက် အရောင်းအဝယ်ဖြစ်မှုမှာ သင်္ကြန်မတိုင်ခင်ကာလများက အလှူများရှိ၍ အရောင်းသွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဒေသတွင်းလုပ်ငန်းရှင်များနှင့် လက်လီသမားများ အဝယ်ရှိသည့်အတွက် အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိပါသည်။ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိခြင်းကြောင့် ရှမ်းအာလူးစျေးနှုန်းမှာ ယခုအပတ် လက်ကားစျေး တစ်ပိဿာလျှင် ကျပ် ၁၅၀၀-၁၈၀၀ ၊ လက်လီစျေး ကျပ် ၂၂၀၀-၂၄၀၀ စျေးဖြစ်ပြီး တရုတ်အာလူးမှာ တစ်ပိဿာလျှင် လက်ကားစျေး ကျပ် ၁၈၀၀ ၊ လက်လီစျေး ကျပ် ၂၀၀၀ဖြစ်၍ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)