မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကောက်စောစပါးပေါ်ချိန်၌ သဘာဝဘေးနှင့်ရာသီဥတုကြောင့် ပျက်စီးမှုများပြားခဲ့ကြောင်းသိရသည်။ ရေအတက်ကြမ်းသောနေရာများတွင် တံမံပြိုကျပြီး လယ်ကွက်ထဲ့သို့ရေငံများဝင်ရောက်ပြီး ရေပြန်ကျချိန်တွင် နုန်းများကျန်ခဲ့သဖြင့် စပါးစေ့များအမဲရောင်ဖြစ်သွားသောကြောင့် ရောင်းချရန်မဖြစ်နိုင်တော့ကြောင်း လယ်သမားတစ်ဦးထံမှ သိရသည်။
မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်၌ တည်ရှိနေသောရွာများတွင် အလားတူဖြစ်စဉ်မျိုးများရှိခဲ့ကြောင်းသိရသည်။ ရေငံဝင်၍ စပါးခင်းပျက်စီးမှုအခြေအနေမှာ ၁၀ ဧက လုပ်ကိုင်ပါက ၂ ဧကလောက်အပျက်အစီးများဖြစ်ခဲ့ကြောင်းသိရသည်။ အောက်တိုဘာလဆန်းရက်များကစတင်၍ ကောက်စောဆန်မာ စပါးများစတင်ရိတ်သိမ်းနိုင်သည့်အခြေအနေဖြစ်ခဲ့သော်လည်း မိုးရွာသွန်းမှုများရှိနေခဲ့၍လည်းကောင်း၊ ဒီရေကြောင့် ရေတားတံမံများ ကျိုးပေါက်ပြီး ရေငံဝင်ခြင်းကြောင့်လည်းကောင်း စပါးများပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)