ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့် ဇွန်လ မိုးတွင်းပိုင်းအတွင်း စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများဆုံးစိုက်ပျိုးပါသည်။ စိုက်ပျိုး ရာတွင် စင်တင်စိုက်ပျိုးခြင်းနှင့် မြေပြင်ကျင်းဖွဲ့ စိုက်ပျိုးခြင်းဟူ၍နှစ်မျိုးရှိသည့်အနက် တနင်္သာရီတိုင်းတွင် စင်တင်စိုက်ပျိုးခြင်းကိုသာ အသုံးပြုကြသည်။ စင်တင်စိုက်ပျိုးပါက စိုက်ဘောင် ပြုလုပ်ရာတွင် အလျား(၅)ပေ၊ အနံ(၃)ပေ အမြင့်(၁)ပေခန့် ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့် တစ်ကျင်း (၁)ပေခွဲခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၅)စေ့ခန့် ထည့်၍စိုက်ရပါသည်။ အပင်ပေါက်လာလျှင် နှစ်ပင်ခန့်သာထားရှိရပါသည်။
ဘူးပင်စိုက်ပြီးတစ်လခန့် အကြာတွင် ဘူးညွန့်များခူးရပါသည်။ ဘူးညွန့်ခေါင်ညွန့်ကို ချိုးနှိမ်ပေးမှသာလျှင် ဘူးညွန့်များများ ထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်ပါသည်။ ဘူးပင် တစ်ပင်လျှင် ဘူးသီးအလုံး(၃၀)ခန့်သီးကြောင်း သိရှိရသည်။ ယခုအခါ ထားဝယ်ဈေးကွက်တွင် ဘူးသီး အလုံးကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်ရှိပြီး အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ်ရှိပါသည်။ ဘူးသီးသည် အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာစေသည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေး၍ ဆီးချိုသွေးချိုရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)