ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းများ အဝင်များပြီး ဈေးအနည်းငယ်ကျ

Powered by Drupal

ရွှေဘိုခရိုင်အနေဖြင့် စပါးကို အဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းသောဒေသများတွင် ပဲ၊ ပြောင်းသီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစင်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့်သော်လည်းကောင်း စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၅၄)တင်းခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေချင်းထိစပ်လျက်ရှိသည့် ရေဦးခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်းဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၄၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀၀)တင်း/ (၆၇၄)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၅၀ဝိ/-)ကျပ်ဈေးလျော့နည်းကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၇၇၀ဝိ/-) ကျပ်ဈေးပိုမိုရရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ အဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)